သာကေတမြို့နယ်တွင် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ ကျင်းပ

သာကေတ  သြဂုတ် ၁၃

ကျောင်းသား၊ ကျောင်းသူများ၏ကာယ၊ဥာဏ၊ စာရိတ္တကောင်းမွန်စေရေးနှင့် ကျန်းမာကြံ့ခိုင်စေရန် ရည်ရွယ်၍ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သာကေတမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနနှင့် အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းတို့ ပူးပေါင်းကာ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို သြဂုတ်လ ၁၁ ရက်နေ့ နေ့လယ်(၁:၀၀)နာရီအချိန်က အမှတ်(၂) အခြေခံပညာ အထက်တန်း ကျောင်းစိန်ညီလာခန်းမ၌ ကျင်းပခဲ့သည်။

အဆိုပါ ဟောပြောပွဲတွင် အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်  ဆရာကြီး ဦးစောသက်ဇေအောင်မှ ကျောင်းသား လူငယ်များ ဗလငါးတန် ဖွံ့ဖြိုးစေရေး အတွက် အသိပညာပေး လုပ်ငန်းများအား တာဝန်ရှိသူများမှ ပူးပေါင်းဆောင်ရွက်လျက်ရှိရာ လူငယ်များအား ဦးတည်သည့်လူငယ်ရေးရာ ဟောပြောပွဲမှ ရရှိမည့် မှတ်သားစရာများအား လိုက်နာမှတ်သားရန် လိုအပ်ကြောင်း အဖွင့်အမှာ စကားပြောကြားခဲ့သည်။

ဆက်လက်ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ဆောင်းနှင်းဖြူက ယခုလူငယ်၊ နောင်ဝယ်လူကြီးများဖြစ်ကြမည့် နိုင်ငံ့တာဝန်ကို ပုခုံးပြောင်း တာဝန်ယူ ထမ်းဆောင်ကြမည့် လူ့စွမ်းအားအရင်းအမြစ်များ ပေါ်ပေါက်စေရန် လိုက်နာကျင့်သုံးရမည့် ပြည်သူ့နီတိကျင့်ထုံးများ၊ ပြုမှုကျင့်သုံးလိုက်နာရမည့် ဂါရဝတရား၊ နိဝါတတရားများ၊ ဆင်ခြင်တုံတရား၊ ကိုယ်ချင်းစာတရားစသည့် ကိုယ်နှုတ်စိတ်သုံးပါးမှ ပြုမှုနေထိုင်ကျင့်ကြံရမည့် အကြောင်းအရာများ၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ နည်းစနစ်မှူး ဒေါခိုင်ဝေဝေနှင်းမှ လူငယ်၏အဓိပ္ပါယ်၊ အားကစား၏ အဓိပ္ပါယ်ဖွင့်ဆိုချက်၊ ကိုယ် လက်လှုပ်ရှားအားကစားပြုလုပ်ခြင်းဖြင့် ရရှိမည့် အကျိုးကျေးဇူးများ ဟောပြောခဲ့ကြောင်း သိရသည်။

ဆောင်းနှင်းဖြူ (ပြန်/ဆက်)