ဟိုပန် ဩဂုတ် ၁၃
"ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့နယ်တွင် မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့၊ HPA မိခင်နှင့်ကလေးစောင့်ရှောက်မှုအသင်းနှင့် မြို့နယ်ကျန်းမာရေးအဖွဲ့တို့ ပူးပေါင်း၍ အာဟာရဖွံ့ဖြိုးရေးဆိုင်ရာ ရက်သတ္တပတ် စံပြမိခင် အာဟာရဆိုင်ရာ ချက်ပြုတ်နိုင်မှု စွမ်းရည်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ဩဂုတ်လ ၁၁ ရက်နေ့ နံနက်(၁၀)နာရီက "ဝ" ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းရိပ်သာ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
ပထမဦးစွာ စံပြမိခင် အာဟာရဆိုင်ရာ ချက်ပြုတ်နိုင်မှု စွမ်းရည်ပြိုင်ပွဲကို စတင်ကျင်းပရာ ဟိုပန်မြို့နယ်ရှိ ကောင်းဟုန်း၊ မန်မိုင်နှင့် ရုံးကုန်းရပ်ကွက်များမှ ဒေသခံတိုင်းရင်းသား အမျိုးသမီးများမှ တစ်ဖွဲ့လျှင်ငါးဦးဖြင့် အဖွဲ့သုံးဖွဲ့ ပါ၀င်ယှဥ်ပြိုင်ခဲ့ကြသည်။
ပြိုင်ပွဲယှဉ်ပြိုင်နေမှုအား "၀"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း မိခင်နှင့် ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်နွေမိုးအေး၊ မြို့နယ်ကုသရေးဦးစီးဌာနမှ ဦးစီးမှူး ကျန်းမာရေး ဆရာမ ဒေါ်အမ်ဆင်းနှင့် အဖွဲ့၀င်များက အစားအစာချက်ပြုတ်နေမူ သန့်ရှင်းခြင်းရှိ/မရှိ၊ အမှတ်ပေးစည်းမျဥ်းနှင့် ကိုက်ညီမူရှိ/မရှိ၊ အရသာကောင်းမွန်ပြီး အဟာရ ပြည့်၀ကျန်းမာစေသော အစားအစာ ပါ၀င်မူ ရှိ/မရှိ စသည်တို့ကို လိုက်လံကြည့်ရှုစစ်ဆေးပြီး အကဲဖြတ်အမှတ်ပေးကြသည်၊၊
ထို့နောက် ဆုပေးပွဲ အခမ်းအနားကို ဆက်လက်ကျင်းပရာ "ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်နွေမိုးအေက နိုင်ငံတော်တွင် အာဟာရချို့တဲ့ သော ကလေးငယ်များပပျောက်ရေး ညဏ်ရည်ညဏ်သွေးထက်မြက်ပြီး ကျန်းမာသန်စွမ်းသော သားသမီးများ မွေးဖွားလာစေရန်နှင့် အနာဂတ်နိုင်ငံတော်အတွက် လူတော်လူကောင်းများ ပေါ်ပေါက် လာစေရန်အတွက် ပြိုင်ပွဲကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း အမှာစကားပြောကြားပြီး ကျန်းမာရေးဆရာမ ဒေါ်အမ်ဆင်းက ချက်ပြုတ်ယှဉ်ပြိုင်မှုနှင့် ပတ်သက်၍ အခင်းအကျင်း သပ်ရပ်မှု၊ သန့်ရှင်းမှု၊ နှစ်လိုဖွယ်ကောင်းမှု၊ စားချင်စဖွယ်ဖြစ်အောင် ပြင်ဆင်နေမှု၊ အချိန်လေးစားတိကျမှု၊ အာဟာရ ပါ၀င်သော အစားအစာနှင့် အိုင်အိုဒင်းဆား ပါ၀င်မှု ရှိ/မရှိစသည့် အကဲဖြတ်အမှတ်ပေးခြင်း အကြောင်းများကို ရှင်းလင်းပြောကြားခဲ့သည်၊၊
ဆက်လက်၍ "ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်နွေမိုးအေး၊ ဟိုပန်မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်ချယ်ရီစိုနှင့် အဖွဲ့ဝင်များက အာဟာရဖွံ့ဖြိုးရေးဆိုင်ရာ ရက်သတ္တပတ် အာဟာရဆိုင်ရာ စံပြမိခင် ချက်ပြုတ်နိုင်မှု စွမ်းရည်ပြိုင်ပွဲတွင် ပထမဆု ရရှိသည့် ကောင်းဟုန်းရပ်ကွက်၊ ဒုတိယဆု ရရှိသည့် မန်မိုင် ရပ်ကွက်၊ တတိယဆုရရှိသည့် ရုံးကုန်းရပ်ကွက်များအား ဆုများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ဇင်ဇင်(ပြန်/ဆက်)