မလှိုင် သြဂုတ် ၁၂
မန္တလေးတိုင်းဒေသကြီး မလှိုင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက် ဦးဆောင်၍ အမှတ်(၃)ရပ်ကွက်ရှိ လေသာကျောင်းတိုက်တွင် ဝါဆိုဝါကပ်တော်မူ ကြသည့်သံဃာတော်များအား ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများက ဝါဆိုသင်္ကန်းနှင့် ဝါဆိုပန်းများကို ဩဂုတ်လ ၁၀ ရက်နေ့ မွန်းလွဲ(၂)နာရီအချိန်၌ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ရှေးဉီးစွာ ဝါဆိုသင်္ကန်းဆက်ကပ် လှူဒါန်းပွဲကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်နှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ဝန်ထမ်းများက နမောတဿ (၃)ကြိမ်ရွတ်ဆို၍ ဖွင့်လှစ်ပေးခဲ့သည်။ ယင်းနောက် လေသာကျောင်းတိုက်ဆရာတော် ပဓါနနာယက ဆရာတော် ဘဒ္ဒန္တဝိနယထံမှ(၅)ပါးသီလခံယူ ဆောက်တည်ခဲ့ကြပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ ဦးစိုးမင်းထက်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးကဲများနှင့်ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ် ရေးမှူးများက လေသာကျောင်းတိုက်တွင် ဝါဆိုဝါကပ်တော်မူကြသည့် သံဃာတော်(၂၁)ပါးတို့အား သင်္ကန်းဒွိစုံ(၂၁)စုံနှင့် ပရိက္ခရာ(၈)ပါး(၁)ခြင်း၊ ဝါဆိုပန်းများ ဆက်ကပ်လှူဒါန်းခဲ့ကြရာ လှူဒါန်းမှုစုစု ပေါင်းတန်ဖိုးမှာ (၇၀၅၀၀၀)ကျပ် ဖြစ်ကြောင်းသိရသည်။
ယင်းနောက် လှူဒါန်းမှု အစုစုတို့အတွက် ရေစက်ချတရားကို ဆရာတော်ထံမှပင် နာယူ၍အမျှ အတန်းများပေးဝေခဲ့ကြပြီး ဗုဒ္ဓသာသနံစီရံတိဌတု သုံးကြိမ်ရွတ်ဆို၍ အခမ်းအနား အောင်မြင်စွာပြီး မြောက်ခဲ့ကြောင်း သိရသည်။
အောင်ဌေး(မလှိုင်)