ကမ္ဘာ့သာသနာပြု မဟာဇေယျသိဒ္ဓိအဓိဌာန်ဆရာတော် ဘဒ္ဒန္တကုလရက္ခိတ၏ ပုံတူ(ကြေး)ရုပ်တုတော်အား လောကဦးသျှောင်ထိုင်တော်မူ ဗုဒ္ဓရုပ်ပွားတော်တည်ရှိရာသို့ပင့်ဆောင်

မာန်အောင် သြဂုတ် ၁၂

ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်တွင် စစ်တွေမြို့ ကမ္ဘာ့သာသနာပြု မဟာဇေယျသိဒ္ဓိ အဓိဌာန်ဆရာတော်ဘဒ္ဒန္တကုလရက္ခိတ၏ ပုံတူအမြင့်(၆)ပေရှိ(ကြေး)ရုပ်တုတော်ကို လောကဦးသျှောင်ထိုင်တော်မူ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးဘုရားဝင်းအတွင်းတွင် တည်ထား ကိုးကွယ်နိုင်ရန် တောင်ကုတ်မြို့မှမာန်အောင်မြို့သို့ အလင်းရောင်သင်္ဘောဖြင့် ပင့်ဆောင်လာရာ ဩဂုတ်လ ၁၀ ရက်နေ့၊ နံနက် ၉ နာရီက မြို့မဆိပ်ကမ်းတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းဇော်ဟိန်းနှင့်အဖွဲ့ဝင်များ၊ ဘုရားဂေါပကအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့်ဝန်ထမ်းများ၊လူမှုရေး အသင်း အဖွဲ့ဝင်များနှင့် ပြည်သူများက ကြိုဆိုပူဇော်ခဲ့ကြသည်။

ထို့နောက် ဆရာတော်၏ ပုံတူ(ကြေး)ရုပ်တုတော်ကို မော်တော်ယာဥ်ဖြင့် ပင့်ဆောင်ကာ ဦးဥတ္တမလမ်း၊ စာတိုက်လမ်းနှင့်ဗန္ဓုလလမ်း တစ်လျှောက်လှည့်လည် အပူဇော်ခံပြီး အနောက်စုရပ်ကွက်ရှိ လောကဦးသျှောင်ထိုင်တော်မူဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ရှိရာ ဘုရားဝင်းအတွင်းရှိ ယာယီကျောင်းဆောင်ပေါ်သို့ ပင့်ဆောင်ခဲ့ကြောင်းသိရသည်။

မာန်အောင်မြို့နယ်တွင် အနောက်စုရပ်ကွက်ရှိ မြို့ဦး၌ ကမ္ဘာ့သာသနာပြု မဟာဇေယျသိဒ္ဓိအဓိဌာန် ဆရာတော်ဘဒ္ဒန္တကုလရက္ခိတမှ ဦးဆောင်ကြီးမှူး၍ ပြည်တွင်းပြည်ပ အလှူရှင်များနှင့်ပူးပေါင်းကာ တည်ထား ကိုးကွယ်မည့် ဉာဏ်တော်(၁၀၈)ပေအမြင့်ရှိ လောကဦးသျှောင်ထိုင်တော်မူ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၂၀ ရက်နေ့တွင် ပန္နက်တော်တင် အုတ်မြစ်ချ မင်္ဂလာအခမ်းအနားပြုလုပ် ကျင်းပပြီးတည်ထားခဲ့ခြင်းဖြစ်သည်။

သိန်းဖေ(ပြန်/ဆက်)