မောင်တော ဩဂုတ် ၁၂
ရခိုင်ပြည်နယ် မောင်တောမြို့၌ ရေလမ်းကြောင်းခရီးသွားပြည်သူများအား (Life Jackets)အသက်ကယ် ဝတ်စုံများ စနစ်တကျ ဝတ်ဆင်တတ်စေရေး အသိပညာပေးခြင်းများ ဆောင်ရွက်ခြင်းကို ယမန်နေ့နံနက်ပိုင်းက ကညင်ချောင်းစီးပွားဇုန်တွင် ပြုလုပ်ခဲ့ကြကြောင်းသိရသည်။
ထို့သို့ဆောင်ရွက်ရာတွင် ခရိုင်မီးသတ်ဦးစီးမှူးရုံးမှ ဒုတိယမီးသတ်ဦးစီးမှူး ဇော်ဦးလှိုင် ဦးဆောင်၍ တပ်ဖွဲ့ဝင်များက မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံအကြား ကုန်စည် ပို့ဆောင်လျက်ရှိသည့် ကုန်တင်စက်လှေများမှ စက်လှေသမားများ၊ ကုန်တင် ကုန်ချ အလုပ်သမားများအား မိုးကြိုကာလသို့ ရောက်ရှိလာပြီဖြစ်ရာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြစ်ရေကြီးခြင်း၊ တောင်ကျချောင်းရေများ အရှိန်ပြင်းစွာစီးဆင်းခြင်း၊ လေပြင်းတိုက်ခတ်ခြင်း၊ မုန်တိုင်းဝင်ရောက်ခြင်း စသည်တို့ ဖြစ်ပွားလာနိုင်ပြီး ရေလမ်းကြောင်း ခရီးသွားပြည်သူများအနေဖြင့် ရေယာဉ်တိုက်မှုများ၊ တိမ်းမှောက်မှုများ ဖြစ်ပေါ်လာနိုင်လာသဖြင့် မြို့နယ်အတွင်းရှိ ပင်လယ်ကမ်းရိုးတန်းဒေသများနှင့် မြစ်ချောင်း ကမ်းပါးများအနီးတွင် နေထိုင်ကြသောပြည်သူများ၊ ပင်လယ်၊ မြစ်၊ ချောင်းများတွင် သွားလာနေသောရေယာဉ်များ အသက်ကယ်ဝတ်စုံ (Life Jackets) ထားရှိရေး၊ လုပ်သားပြည်သူများအား (Life Jackets) အသက်ကယ်ဝတ်စုံများ စနစ်တကျ ဝတ်ဆင်တတ်စေရေး၊ လက်တွေ့သရုပ်ပြဝတ်ဆင်မှုများနှင့် အသိပညာပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
သက်လွင်စိုး၊ အောင်ကျော်စိန်