လားရှိုး ဩဂုတ် ၁၂
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၊ မဟာဗောဓာရုံကျောင်းတိုက်တွင် ဩဂုတ်လ ၁၀ ရက်နေ့ မွန်းလွဲပိုင်းက လားရှိုးပြည်သူ့ဆေးရုံနှင့် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်၊ အမှတ်(၁၀)စစ်မြေပြင် ဆေးတပ်ရင်းတို့မှ အထူးကုဆရာဝန်ကြီးများ၊ လက်ထောက်ဆရာဝန်များ၊ သူနာပြုများ၊ ကျန်းမာရေးဝန်ထမ်းများ ပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် ကျန်းမာရေးစောင့်ရှောက်မှု ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် လားရှိုးမြို့၊ မဟာဗောဓါရုံကျောင်းတိုက်ရှိ ဆရာတော် သံဃာတော်များ၊ သီလရှင်ဆရာကြီး၊ဆရာလေးများနှင့် ဒေသခံပြည်သူတို့အား အထွေထွေ ရောဂါကု ဆရာဝန်၊ နား၊ နှာခေါင်း၊ လည်ချောင်းအထူးကုဆရာဝန်၊ သွားနှင့်ခံတွင်းဆရာဝန်၊ ဆေးကုသမှုပါရဂူ၊ ခွဲစိတ်အထူးကုဆရာဝန်၊ သားဖွားမီးယပ်ပါရဂူ၊ ကလေးအထူးကုဆရာဝန်၊ အရိုးအထူးကု ဆရာဝန်စသည့် အထူးကုဆရာဝန်များ ဦးဆောင်သော ဆေးကုသရေးအဖွဲ့များဖြင့် ကျန်းမာရေးစစ်ဆေးပေးခြင်း၊ ကုသပေးခြင်း၊ လိုအပ်သည့် ဆေးဝါးများနှင့် အာဟာရများထောက်ပံ့ပေးခြင်းများ ဆောင်ရွက်ပေးခဲ့သည်။
ထိုသို့ဆောင်ရွက်နေမှုများကို အရှေ့မြောက်တိုင်းစစ်ဌာနချုပ်မှ တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ် ထွန်းထွန်းမြင့်နှင့် တိုင်းစစ်ဌာနချုပ်မှအရာရှိများ၊ ခရိုင်/မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုအားပေးခဲ့ကြပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့နယ်အတွင်းတွင် နယ်လှည့်ဆေးကုသရေးအဖွဲ့များဖြင့် ဟူးမွန် ကျေးရွာ၊ ဟိုပိတ်ကျေးရွာ၊ရပ်ကွက်(၁)၊ရပ်ကွက်(၉)၊တောရပရိယတ္တိ စာသင်တိုက်၊ နတ်ရေကန် ကျောင်းတိုက်နှင့် စိတ္တသုခ ဘုန်းတော်ကြီးကျောင်း၊ ခါးရိုးပရိယတ္တိစာသင်တိုက်၊ လွယ်ဝိန်းကျောင်းတိုက်၊ အောင်မင်္ဂလာ နမ့်ဆန်ကျောင်းတိုက် တို့တွင်လည်း ဒေသခံများ၏ ကျန်းမာရေးအတွက် နယ်လှည့်ဆေးကုသရေးအဖွဲ့များက ဆေးစစ်ဆေးကုသမှုများ ပြုလုပ်ပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။
စိုင်းထွန်း (လားရှိုး)