ချမ်းမြသာစည် ဩဂုတ် ၁၂
မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ ၁၁၀ လမ်း (မနော်ဟရီလမ်း)၊ ၆၇×၆၈ လမ်းကြားရှိ မြနန္ဒာစျေး အတွင်း ဩဂုတ်လ ၁၀ ရက်နေ့၊နံနက် ၇ နာရီတွင် မန္တလေးမြို့တော်စည်ပင် သာယာရေးကော်မတီ၊ တိုင်းဒေသကြီးစားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံ ဆန်စက်လုပ်ငန်းရှင်များအသင်း၊ မန္တလေးတိုင်းဒေသကြီး ဆီကုန်သည်များနှင့် ဆီလုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်း၍ ပြည်သူများအတွက် အခြေခံစားသောက်ကုန် များအား သက်သာသော နှုန်းထားများဖြင့် ရောင်းချပေးခဲ့ကြောင်း သတင်းရရှိသည်။
အဆိုပါရောင်းချပေးခြင်းကို မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ၊ စျေးနှင့်သားသတ်ဌာန၊ ဌာနမှူး ဦးသက်နိုင်နှင့် ဝန်ထမ်းများမှ ဧည့်မထဆန် တစ်ပြည်လျှင် ၂၅၀၀ ကျပ်နှုန်း၊ စားအုန်းဆီ တစ်ပိဿာလျှင် ၅၂၀၀ ကျပ် ၊ ကြက်ဥ တစ်လုံးလျှင် ၂၄၀ ကျပ် ၊ ဘဲဥ တစ်လုံးလျှင် ၃၁၀ ကျပ်၊ ဝက်သား တစ်ပိဿာလျှင် ၁၄၀၀၀ ကျပ်၊ အမဲသား တစ်ပိဿာလျှင် ၁၄၀၀၀ ကျပ်၊ ငါးမုတ် တစ်ပိဿာလျင် ၄၂၀၀ ကျပ်၊ ငါးအုံတုံ တစ်ပိဿာလျင် ၇၀၀၀ ကျပ်၊ ငါးတန် တစ်ပိသာလျှင် ၄၀၀၀ ကျပ်၊ ငါးမြစ်ချင်း တစ်ပိဿာလျင် ၆၀၀၀ ကျပ်၊ ငါးကြင်းဖြူ (မန္တလေး) တစ်ပိဿာလျှင် ၉၀၀၀ ကျပ်၊ ခရမ်းချဉ်သီး တစ်ပိဿာလျှင် ၂၀၀၀ ကျပ်နှင့်ပန်းဂေါ်ဖီ တစ်ထုပ်လျှင် ၆၀၀ ကျပ် အထူးသက်သာသော နှုန်းထားများဖြင့် ရောင်းချပေးခဲ့ရာ လာရောက်၀ယ်ယူသူများဖြင့် စည်ကားလျက်ရှိကြောင်း သတင်းရရှိသည်။
ကျော်စွာ (ချမ်းစည်)