ချမ်းမြသာစည်မြို့နယ် အမှတ် (၂၆) အခြေခံပညာအထက်တန်းကျောင်းတွင် လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးအတွက် လူငယ်စကားဝိုင်းကျင်းပ

ချမ်းမြသာစည်  ဩဂုတ် ၁၂

မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ် အမှတ်(၂၆)အခြေခံပညာအထက်တန်းကျောင်းရှိ တကောင်းသစ္စာ ခန်းမ၌ လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်နှင့် အသိပညာဗဟုသုတ ရရှိပြီး နိုင်ငံတော် အတွက် အကျိုးပြု‌နိုင်သော ကျောင်းသား၊ကျောင်းသူများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ‌ရေး ဦးစီးဌာနနှင့်အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်းကို ဩဂုတ်လ ၈ ရက်နေ့၊ နံနက် ၁ဝ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ကျောင်းအုပ်ဆရာကြီးဦးမျိုးမျိုးလွင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ‌ ဒေါ်ခင်စိမ်းဝင်းက လူငယ်စကားဝိုင်းကျင်းပရခြင်း ရည်ရွယ်ချက်များကို ပြောကြား၍ လူငယ်များအသိပညာ၊ အတတ်ပညာနှင့် လူ့ကျင့်ဝတ်တန်ဖိုးမြှင့်တင်ပေးရန်၊ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ ဆိုသည့် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်လာစေရန်၊ စကားပြောစွမ်းရည်များ တိုးတက်လာ‌စေရန် လူငယ်စကားဝိုင်းများကို ကျင်းပပြုလုပ်ရကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ယင်းနောက် စကားဝိုင်းကို ဆက်လက်ကျင်းပရာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဦးစီးအရာရှိက ဦးဆောင်‌ဆွေးနွေးခဲ့ပြီး Grade - 11 ကျောင်းသား မောင်‌ကျော်ဇင်ဟိန်းက လူငယ်နှင့်အားကစား ခေါင်းစဉ်ဖြင့် လည်းကောင်း၊ Grade-11မှ  ကျောင်းသူ မဆုသီရိနှင်းက လူငယ်နှင့်အနုပညာခေါင်းစဉ်ဖြင့် လည်းကောင်း၊ Grade-10မှ ကျောင်းသားမောင်‌ရဲထက်ကျော်က လူငယ်နှင့်အလုပ်အကိုင်အခွင့်အလမ်း ခေါင်းစဉ်ဖြင့် လည်းကောင်း၊ Grade-10မှ ကျောင်းသူ မရွှေစင်ထွန်းက လူငယ်နှင့်မူးယစ်ဆေးဝါး  ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီး  ဆွေးနွေးခဲ့ကြသည်။ ၎င်းနောက် စကားဝိုင်းသို့ တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူ များကလည်း ပြန်လည်ဖြည့်စွက် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ထို့‌နောက်စကားဝိုင်းအပြီးတွင် ကျောင်းသား/သူလေးများက ခန်းမအတွင်းပြသထားသော အသိပညာပေး နံရံကပ်စာစောင်များကို စိတ်ပါဝင်စားစွာ လှည့်လည်ကြည့်ရှု ခဲ့ကြသည်။ လူငယ်စကားဝိုင်းသို့ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါခင်စိမ်းဝင်း၊ အမှတ်(၂၆) အခြေခံပညာ အထက်‌တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးမျိုးမျိုးလွင်နှင့် ဆရာ/ ဆရာမများ၊ အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ကျော်စွာ (ချမ်း/စည်)