၂၀၂၃ ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် လှေလှော်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပ

ရန်ကုန်၊ သြဂုတ် ၁၂

၂၀၂၃ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီးလှေလှော်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ဩဂုတ် ၁၀ရက်နေ့ နံနက် (၈) နာရီအချိန်တွင် ရန်ကုန်မြို့ အင်းလျားကန်ရှိ မြန်မာနိုင်ငံ လှေလှော်အဖွဲ့ချုပ်၌ ကျင်းပရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးမျိုးလှိုင်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးနှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးသောင်းထိုက်မင်းနှင့်အဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသောဧည့်သည်တော်များ ၊ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ အုပ်ချုပ်/နည်းပြများနှင့် အားကစားသမားများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးမျိုးလှိုင်မှ အဖွင့်အမှာ စကားပြောကြားရာတွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနအနေဖြင့် ပြည်နယ်နှင့် တိုင်းဒေသကြီး အားကစားပြိုင်ပွဲများ ကျင်းပပြုလုပ်ခြင်းရဲ့ ရည်ရွယ်ချက်များကတော့ တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးကို အထောက်အကူဖြစ်စေရေး၊ လူငယ်မျိုးဆက်သစ် လှေလှော်အားကစားသမားများပေါ်ထွက်လာစေရေး၊ လှေလှော်အားကစားနည်းအား ပြည်သူအများ စိတ်ဝင်စားလာစေရေး၊ ပြည်နယ်နှင့်တိုင်းဒေသကြီးအသီးသီးမှ လာရောက်ယှဉ်ပြိုင်ကြတဲ့ လှေလှော်အားကစားသမားများ အချင်းချင်း ချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်မာလာစေရေးနဲ့ လှေလှော်အားကစားနည်း အဆင့်အတန်းတိုးတက်မြင့်မား လာစေရေးတို့အတွက်ဖြစ်ကြောင်း၊ Traditional Boat Race လှေလှော် အားကစားနည်းသည် ၁၉၉၁ခုနှစ်၊ ဖိလစ်ပိုင်နိုင်ငံမှာကျင်းပပြုလုပ်ခဲ့သည့် (၁၆) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲမှစပြီး ယခုကျင်းပပြုလုပ်ခဲ့သည့် (၃၂) ကြိမ်မြောက် အရှေ့တောင် အာရှအားကစား ပြိုင်ပွဲအထိ ရွှေ၊ ငွေ၊ ကြေးဆုတံဆိပ်ပေါင်းများစွာကို ဆွတ်ခူးရယူပေးနိုင်ခဲ့ပါ ကြောင်း၊ ဒါ့အပြင် ကမ္ဘာ့အဆင့်ပြိုင်ပွဲများ၊ အပြည်ပြည်ဆိုင်ရာ ဖိတ်ခေါ်ပြိုင်ပွဲများ ၊ ASEAN University Games များတွင်လည်း နိုင်ငံတော်အတွက် ရွှေ၊ ငွေ၊ ကြေး ဆုတံဆိပ်များကို ဆွတ်ခူးရယူပေးခဲ့ပါကြောင်း၊ ယခု ၂၀၂၃ခုနှစ်၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဟန်ကျိုးမြို့မှာကျင်းပပြုလုပ်မယ့် (၁၉) ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲမှာ ရိုးရာလှေပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်သွားမှာဖြစ်ကြောင်း၊ လှေလှော်အားကစားနည်းရဲ့ ရရှိထားသည့် အောင်မြင်မှုများကို ဆက်လက်ထိန်းသိမ်းပြီး အရှေ့တောင်အာရှအဆင့်မှ အာရှအဆင့်၊ အာရှအဆင့်မှ ကမ္ဘာ့အဆင့်ထိတက်လှမ်းနိုင်အောင် ကြိုးစားသွားရန်လိုအပ်ကြောင်း၊ အားကစားသမားများအနေဖြင့် ပြိုင်ပွဲစည်းမျဉ်း/စည်းကမ်းဥပဒေများကို လေးစား လိုက်နာကြရန် ၊ ဒိုင်လူကြီးများကလည်း သမာသမတ်ရှိရှိ တရားမျှတမှန်ကန်စွာ ဆုံးဖြတ်ဆောင်ရွက် ကြရန် ၊ လှေလှော်အားကစားနည်းဆောင်ပုဒ်ဖြစ်တဲ့ '' လှေခွက်ချည်းကျန်အလံမလဲ သေသည့်တိုင် အောင် တက်ကိုဆောင်၊ တက်ညီလက်ညီရှေ့သို့ချီ '' ဆိုတဲ့ ဆောင်ပုဒ်အတိုင်း ကြိုးစားဆောင်ရွက် သွားရန် တိုက်တွန်းပြောကြားခဲ့သည်။

ဆက်လက်၍ ပြိုင်ပွဲဝင်အားကစားသမားများမှ အားကစားသစ္စာအဓိဌာန်(၄)ချက်ရွတ်ဆိုပြီး နောက် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်လာသော အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးမျိုးလှိုင်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိပုဂ္ဂိုလ်များက ပြိုင်ပွဲဝင်အသင်းများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ပြီးနောက် ပြိုင်ပွဲဝင်အသင်းများက ကွင်းအတွင်းမှထွက်ခွာပြီး ပထမနေ့ပွဲစဉ်များအဖြစ် မီတာ (၂၀၀) အမျိုးသား/အမျိုးသမီး (၇) တက်လှေပြိုင်ပွဲ၊ မီတာ(၂၀၀) အမျိုးသား/အမျိုးသမီး (၁၀)တက်လှေပြိုင်ပွဲ၊ မီတာ(၂၀၀)Mixed (၁၀)တက်လှေပြိုင်ပွဲများကို ကြည့်ရှုအားပေးခဲ့သည်။

ညနေပိုင်းတွင် ဆုချီးမြှင့်ပွဲကိုကျင်းပရာပထမနေ့ပွဲစဉ်အဖြစ် မီတာ(၂၀၀) (၇)တက်လှော် (အမျိုးသမီး အသင်းလိုက်) ပြိုင်ပွဲတွင် ပထမဆုရရှိသော ရန်ကုန်တိုင်းဒေသကြီးအသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုကျပ် (၁၅)သိန်း၊ ဒုတိယဆုရရှိသော ဧရာဝတီတိုင်းဒေသကြီးအသင်းအား တစ်ဦးချင်း ဆုတံဆိပ်နှင့် ငွေသားဆု ကျပ်(၁၀)သိန်း၊ တတိယဆုရရှိသော မန္တလေးတိုင်းဒေသကြီးအသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုကျပ်(၇)သိန်းတို့ကိုအားကစားနှင့်ကာယပညာဦးစီးဌာနဒုတိယညွှန်ကြားရေးမှူးချုပ်ဦးကျော်ဦးမှလည်းကောင်း၊ မီတာ(၂၀၀) (၇) တက်လှော် (အမျိုးသားအသင်းလိုက်) ပြိုင်ပွဲတွင် ပထမဆုရရှိသော ရန်ကုန်တိုင်းဒေသကြီးအသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုကျပ် (၁၅)သိန်း၊ ဒုတိယဆုရရှိသော ဧရာဝတီတိုင်းဒေသကြီးအသင်းအား တစ်ဦးချင်းဆုတံဆိပ် နှင့် ငွေသားဆု ကျပ် (၁၀) သိန်း၊ တတိယဆုရရှိသော ပဲခူးတိုင်းဒေသကြီးအသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုကျပ် (၇) သိန်းတို့ကို မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးသောင်းထိုက်မင်း မှလည်းကောင်း၊ မီတာ(၂၀၀) (၁၀)တက်လှော် (အမျိုးသမီးအသင်းလိုက်) ပြိုင်ပွဲတွင် ပထမဆုရရှိသော ဧရာဝတီတိုင်းဒေသကြီးအသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုကျပ်သိန်း (၂၀)၊ ဒုတိယဆုရရှိသော ရန်ကုန်တိုင်းဒေသကြီးအသင်းအား တစ်ဦးချင်း ဆုတံဆိပ်နှင့်ငွေသားဆု ကျပ်(၁၅)သိန်း၊ တတိယဆုရရှိသောမန္တလေးတိုင်း ဒေသကြီးအသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုကျပ်(၁၀)သိန်း နှင့် မီတာ(၂၀၀) (၁၀)တက်လှော် (အမျိုးသားအသင်းလိုက်) ပြိုင်ပွဲတွင် ပထမဆုရရှိသော ရန်ကုန်တိုင်းဒေသကြီးအသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုကျပ်သိန်း (၂၀)၊ ဒုတိယဆုရရှိသော ဧရာဝတီတိုင်းဒေသကြီးအသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆု ကျပ်(၁၅)သိန်း၊ တတိယဆုရရှိသောပဲခူးတိုင်းဒေသကြီးအသင်း အားတစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုကျပ် (၁၀) သိန်းတို့ကို အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးမျိုးလှိုင် မှလည်းကောင်း၊ မီတာ(၂၀၀)(၁၀)တက်လှော် (အမျိုးသား+ အမျိုးသမီး အသင်းလိုက်) ပြိုင်ပွဲတွင် ပထမဆုရရှိသော ရန်ကုန်တိုင်းဒေသကြီးအသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုကျပ်သိန်း (၂၀) ၊ ဒုတိယဆုရရှိသော ဧရာဝတီတိုင်းဒေသကြီး အသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုကျပ်(၁၅)သိန်း၊ တတိယဆု ရရှိသောမန္တလေးတိုင်း ဒေသကြီးအသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုကျပ်(၁၀)သိန်းတို့ကို ရန်ကုန်တိုင်းအားကစားနှင့်ကာယပညာကော်မတီဥက္ကဌ တိုင်းဒေသကြီး ဥပဒေချုပ် ဦးဌေးအောင် မှလည်းကောင်း ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။

၂၀၂၃ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး လှေလှော်ပြိုင်ပွဲကို ဩဂုတ်၁၁ရက်အထိ ကျင်းပပြုလုပ်မည်ဖြစ်ပြီး၊ ချင်းပြည်နယ်၊ ကယားပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်အသင်းတို့မှလွဲ၍ အမျိုးသားအသင်း ၁၁ သင်း၊ အမျိုးသမီးအသင်းခုနှစ်သင်း၊ စုစုပေါင်းလှေလှော်အားကစားသမား ၂၉၁ ဦးဝင်ရာက်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။

အောင်မြင့် (ပြန်/ဆက်)