သီပေါမြို့ အမှတ်(၆)အခြေခံပညာအလယ်တန်းကျောင်းခွဲ၌ အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်များပြသခြင်းများ ဆောင်ရွက်

သီပေါ ဩဂုတ် ၁

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ အမှတ်(၆)အခြေခံပညာ အလယ်တန်းကျောင်းခွဲ၌ ဩဂုတ်လ ၁၀ ရက်နေ့၊ နံနက်(၉)နာရီက အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် ဓာတ်ပုံပြပွဲများ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီးဒေါ်နန်းသီတာက ကျောင်းသား၊ ကျောင်းသူလူငယ်များ အနေဖြင့်အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်၊ အမှားအမှန်ဝေဖန်ပိုင်းခြား တတ်စေရန်၊ ပြင်ပဗဟုသုတများရရှိစေရန်စသည့် ရည်ရွယ်ချက်များဖြင့် ဟောပြောပွဲပြုလုပ် ဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပြီးနောက် မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်ခင်နီလာစိုးက လူကုန်ကူးမှုနှင့် ပတ်သက်သော အကြောင်းအရာများ၊ မူးယစ်ဆေးဝါး အန္တရာယ်ဆိုင်ရာ အကြောင်းအရာများကို လည်းကောင်း၊ စားသုံးသူရေးရာဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်လင်းလင်းထွန်းက စားသုံးသူများ၏ အခွင့်အရေးဆိုင်ရာ အကြောင်းအရာများကို လည်းကောင်း အသီးသီးဟောပြောခဲ့ကြသည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိနှင့် ဝန်ထမ်းများက မူးယစ်ဆေးဝါးနှင့်ပတ်သက်သော အသိပညာပေးနံရံကပ်စာစောင်၊ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာနှင့် လူကုန်ကူးမှုဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်များအား ပြသပေးခဲ့ရာ ကျောင်းသား၊ ကျောင်းသူ၊သီလရှင်ဆရာလေးများက စိတ်ပါဝင်စားစွာ လေ့လာမှတ်သား ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ခင်လေး(သီပေါ၊ပြန်/ဆက်)