မိုင်းကိုင် ဩဂုတ် ၁၂
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်အတွင်း ကျောင်းသား/ကျောင်းသူများ အသိပညာဗဟုသုတ တိုးပွားစေရန်နှင့် စာဖတ်ရှိန်မြှင့်တင်နိုင်ရန်အတွက် ရည်ရွယ်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ဥပဒေရုံးတို့ပူးပေါင်း၍ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲနှင့် နယ်လှည့်စာကြည့်တိုက်လှုပ်ရှားမှုများကို ဩဂုတ်လ ၁၀ ရက်နေ့၊ နေ့လယ်က အမှတ်(၅)ရပ်ကွက်ရှိ အခြေခံပညာအလယ်တန်းကျောင်း(ပန်ကတ်)သို့ ကွင်းဆင်း ဆောင်ရွက်ခဲ့သည်။
ကွင်းဆင်းမှုတွင် မြို့နယ်ဥပဒေအရာရှိ ဦးငြိမ်းချမ်းထက်၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နန်းလှိုင်လှိုင်ဦးတို့က ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေအကြောင်းအရာများ၊ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အမျိုးသားအဆင့်စီမံကိန်း အကောင်အထည်ဖော်မှုနှင့် အသိပညာပေးအကြောင်းအရာများ စသည့်ခေါင်းစဉ်များဖြင့် ဟောပြောဆွေးနွေးရာ တက်ရောက်လာကြသည့် ကျောင်းသား/ကျောင်းသူများက မိမိတို့သိရှိလို သည်များကို ပြန်လည်မေးမြန်းဆွေးနွေးခဲ့ကြသည်။
ထို့နောက် စာဖတ်ရှိန်မြှင့်တင်ရေး လုပ်ငန်းတစ်ရပ်အဖြစ် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်နန်းအေးအေးသိန်းက စာဖတ်ခြင်း၏အကျိုးကျေးဇူးများကို ဆွေးနွေးဟောပြောပြီး တက်ရောက်လာကြသည့် ကျောင်းသားကျောင်းသူများအား သုတ/ရတစာပေများနှင့် ကလေးစာပေများကို ငှားရမ်းပေးခြင်းများ ဆောင်ရွက်ကာအသိပညာ ပေးကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။
ချော(မိုင်းကိုင်)