တာလေမြို့၌ ၂၀၂၃-၂၀၂၄ ခုနှစ် မိုးစပါးဧကပေါင်း ၆၀၉၃ ဧက စိုက်ပျိုးပြီးစီး

တာလေ ဩဂုတ် ၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့နေ ပြည်သူများသည် စိုက်ပျိုးရေးလုပ်ငန်းများကို အဓိကထားလုပ်ကိုင်ကြရာ ၂၀၂၃-၂၀၂၄ ခုနှစ်၌ မိုးစပါးဧကပေါင်း ၆၀၉၃ ဧက စိုက်ပျိုးပြီးစီးထားကြောင်း မြို့လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန၏ စာရင်းများအရ သိရသည်။

ယခုနှစ် မိုးစပါးများစိုက်ပျိုးရာတွင် မိုးကောင်းရေသောက်စနစ်ဖြင့်စိုက်ပျိုးကြရာ လယ်စပါး (၅၆၃၃) ဧက၊ ယာစပါး (၁၅၈)ဧကနှင့် တောင်ယာစပါး(၃၀၂)ဧက၊ စုစုပေါင်းမိုးစပါးစိုက်ပျိုးမှုဧကပေါင်း (၆၀၉၃)ဧက စိုက်ပျိုးပြီးစီးထားကြောင်းနှင့် အောက်တိုဘာလအတွင်း ရိတ်သိမ်းနိုင်မည်ဟု ခန့်မှန်းထားကြောင်းသိရသည်။

မိုးစပါးများ စိုက်ပျိုးရာတွင် စိုက်ပျိုးရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဦးဝင်းလှိုင်နှင့် ဝန်ထမ်းများက တောင်သူများနှင့် အနီးကပ်ပူးပေါင်း၍ မြေမှန်၊ မျိုးမှန်၊ ရာသီမှန် စိုက်ပျိုးရန်လိုအပ်ကြောင်း၊ မိမိလယ်မြေနှင့် ကိုက်ညီသည့် မျိုးကောင်း မျိုးသန့်စပါးများ ရွေးချယ်စိုက်ပျိုးရကြောင်းနှင့် မိုးစပါးမျိုးသန့်စံပြကွင်း၌ မျိုးကွဲနုတ်ပယ်ခြင်း၊ သွင်းအားစုများ ကြဲပက်ခြင်း၊ ပိုးသတ်ဆေးကို အချိန်မီဖြန်းနိုင်ရေးနှင့် ပေါင်းမြက်များ ရှင်းလင်းခြင်းကို ကွင်းဆင်းဆောင်ရွက်ပြီး မိုးစပါးအထွက်နှုန်းကောင်းစေရေးအတွက် ရှင်းလင်းစစ်ဆေး ဆောင်ရွက်ကြကြောင်း သိရသည်။

ယဉ်ယဉ်ဝင်း(ပြန်/ဆက်)