ဆီဆိုင်မြို့နယ်၌ မြို့နယ်အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌဖလား အသက်(၂၅)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ကျင်းပ

ဆီဆိုင်   ဩဂုတ်        ၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ် အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌဖလား အသက်(၂၅)နှစ်အောက် အမျိုးသား ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲကို ဩဂုတ်လ ၁၀ရက်နေ့၊ မွန်းလွဲ ၂ နာရီက မြို့နယ်အားကစားကွင်း၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဆန်းဦးက လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်၍ ဗလငါးတန်နှင့်ပြည့်စုံသောလူများဖြစ်လာစေရန်နှင့် မူးယစ်ဆေးဝါး သုံးစွဲခြင်းမှရှောင်နိုင်စေရန်၊ ရပ်ကွက်/ကျေးရွာအတွင်းရှိ တိုင်းရင်းသား ညီအစ်ကိုများ ချစ်ခင်ရင်းနှီးမှုပိုမိုရရှိစေရန်နှင့် ရွက်ပုန်းသီးထူးချွန်အားကစားသမားများ ပေါ်ထွန်းလာ စေရန်၊ ရပ်ကွက်/ကျေးရွာအဆင့်မှ မြို့နယ်/ခရိုင်/ပြည်နယ် မြန်မာ့လက်ရွေးစင်အဆင့်ဆင့် တက်လှမ်းစေရန် ရည်ရွယ်၍ ပြိုင်ပွဲကိုကျင်းပပြုလုပ်ပေးရခြင်းဖြစ်ကြောင်း အမှာစကားပြောကြားခဲ့သည်။

ထို့နောက် စစ်ကြောင်းမှူးမှဦးဆောင်ကာ နိုင်ငံတော်အလံကို အလေးပြုကြ၍ အားကစားသမားများက အားကစားသစ္စာ အဓိဌာန်ရွတ်ဆိုခဲ့ကြပြီး မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဆန်းဦးနှင့် အဖွဲ့ဝင်များက  အားကစားများအား လိုက်လံနှုတ်ဆက်ခဲ့ကြသည်။ ယင်းနောက် အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူ လေးများက Fitness Dance အက၊ ကယားရိုးရာအကနှင့် ကယန်းရိုးရာအကတို့ဖြင့် ဖျော်ဖြေခဲ့ကြသည်။ ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက ဘောလုံးကန်၍ ပြိုင်ပွဲကိုစတင်ပြီး နောင်ထောဝ်(ခ)အသင်းနှင့် အောင်သပြေ(က)အသင်းတို့ယှဉ်ပြိုင်နေမှုကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြသည်။

အဆိုပါ အသက်(၂၅)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲတွင် ပြိုင်ပွဲဝင် အသင်းပေါင်း(၃၄)သင်းဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ဩဂုတ်လ(၁၀)ရက်နေ့မှစက်တင်ဘာလ (၁၃)ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန အားကစားမှူး ဦးဇော်ထွန်းထံမှ သိရသည်။

မျိုးမြတ်(ဆီဆိုင်)