မိုင်းပျဥ်း ဩဂုတ် ၁၂
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်း၊ မိုင်းပျဥ်းမြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ ယနေ့နံနက် ၁၀ နာရီအချိန်က ပညာရေးပြက္ခဒိန်အရ စွန့်ပစ်ပစ္စည်းများနှင့် ဆန်းသစ်တီထွင်မှု လက်မှုပညာပြိုင်ပွဲ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ လက်မှုပညာပြိုင်ပွဲကို အ.ထ.က ကျောင်းအုပ်ဆရာမကြီး ဒေါ်သီတာခိုင်ဦးစီး၍ အလယ်တန်း၊ အထက်တန်း၊ ကျောင်းသား၊ ကျောင်းသူများ ပါဝင်ယဥ်ပြိုင်ကြပြီး အသုံးမပြုတော့သည့် စွန့်ပစ်ပစ္စည်းများဖြင့် အလယ်တန်း ကျောင်းသား၊ ကျောင်းသူများက စက္ကူဖြင့်အရုပ်ပုံပြုလုပ်ခြင်း၊ ပလတ်စတစ်ပိုက်ဖြင့် အိမ်ပုံပြုလုပ်ခြင်း၊ ရွံ့မြေဖြင့် အရုပ်ပုံပြုလုပ်ခြင်း၊ အထက်တန်း ကျောင်းသား၊ ကျောင်းသူများက အပ်တစ်ချောင်းဖြင့် ချည်ထိုးခြင်း၊ ပလတ်စတစ်ကြိုးဖြင့်ပန်း အလှဆင်ခြင်း၊ ချည်ကြိုးဖြင့် လက်ကိုင်အိတ်အစရှိသော အသုံးအဆောင်ပစ္စည်းများ ပြုလုပ်ခြင်းစသည့် မိမိတို့တတ်စွမ်းသည့် လက်မှုအနုပညာများဖြင့် ပါဝင်ယဥ်ပြိုင်ခဲ့ကြကြောင်း သိရသည်။
အခြေခံပညာအထက်တန်းကျောင်း၏ ပညာရေးပြက္ခဒိန်အရ စွန့်ပစ်ပစ္စည်းများနှင့် ဆန်းသစ်တီထွင်မှုလက်မှု ပညာပြိုင်ပွဲတွင် အလယ်တန်းနှင့်အထက်တန်း ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း (၃၆) ဦး ပါဝင်ယဥ်ပြိုင်ခဲ့ကြောင်း သတင်းသိရသည်။
ရန်နောင်ထွန်း(ပြန်/ဆက်)