ဆီဆိုင် အောက်တိုဘာ ၁၄
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ နောင်ကျော ကျေးရွာအုပ်စု၊ ဘုရားဖြူကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းသား၊ ကျောင်းသူများအတွက် လိုအပ်လျက်ရှိသော ကျောင်းဆောင်သစ်ကို ပြည်ထောင်စုရန်ပုံငွေကျပ် (၁၉၉.၅၈၄)သန်းဖြင့် တည်ဆောက်ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါကျောင်းဆောင်သစ်သည် အလျားပေ ၁၄၀၊ အနံပေ ၃၀၊ အမြင့် ၂၄ ပေရှိ RCC (၂)ထပ် စာသင်ကျောင်းဆောင် အဆောက်အအုံဖြစ်ပြီး စာသင်ခန်း ၈ ခန်းပါရှိရာ စာသင်ခန်းတစ်ခန်းလျှင် အလျား ၂၄ ပေ၊ အနံ ၃၀ ပေရှိကြောင်း သိရသည်။ ကျောင်းဆောင်သစ်ကို ပြည်ထောင်စုရန်ပုံငွေ ကျပ် (၁၉၉.၅၈၄)သန်းဖြင့် အောင်ဆုပြည့်ကျော် ဆောက်လုပ်ရေးကုမ္ပဏီက တာဝန်ယူ၍ တည်ဆောက်လျက်ရှိရာ လုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ယနေ့နံနက် ၉ နာရီခန့် က မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစောမောင်ဗွေ၊ မြို့နယ်လမ်းဦးစီးဌာန၊ ဦးစီးအရာရှိ(မြို့ပြ) ဦးဘဆန်းလှ၊ မြို့နယ်ပညာရေးမှူး ဦးစိုးသစ်နှင့် ကုမ္ပဏီတာဝန်ခံများလိုက်ပါ၍ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ခွန်ရဲထွေး(ဆီဆိုင်)