ရခိုင်ပြည်နယ်မောင်တောမြို့တွင် စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေးကြီးကြပ်မှုကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်၊ တစ်ပိုင်တစ်နိုင်မွေးမြူရေးခြံများနှင့် မိုးစပါးပျိုးခင်းအား ဓာတ်မြေဩဇာကြဲပက်နေမှုအား ကြည့်ရှုအားပေး

မောင်တော ဩဂုတ် ၁၂

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့တွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးနေဦးသည် တာဝန်ရှိသူများနှင့်အတူ ဩဂုတ် ၁၀ ရက်နေ့နံနက်ပိုင်းက စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးကြီးကြပ်မှုကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံးတွင်ပြုလုပ်ကာ တစ်ပိုင်တစ်နိုင်မွေးမြူရေးခြံများနှင့် မိုးစပါး ပျိုးခင်းအား ဓာတ်မြေဩဇာ ကြဲပက်နေမှုအား ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

ရှေးဦးစွာ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင်ပြုလုပ်သော စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေး ကြီးကြပ်မှုကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌဦးနေဦးက အမှာစကားပြောကြားပြီး သက်ဆိုင်ရာ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများက မုန်တိုင်းဒဏ်ကြောင့်ပျက်စီးသွားသည့် ကျေးရွာများတွင် ကျွဲ၊ နွားများသေဆုံးမှုများကြောင့် စက်မှုလယ်ယာ ဦးစီးဌာနပိုင်ထွန်စက်များဖြင့် တောင်သူများ၏ လယ်ယာမြေများအား မျိုးစပါးများ အချိန်မှီစိုက်ပျိုးနိုင်ရန်အတွက် ထွန်ယက်ပေးနေမှုများနှင့် ကျေးရွာများအလိုက် ထွန်ယက်ပြီးစီးမှု အခြေအနေများ၊ မိုးစပါးများပျိုးထောင်ထားရှိမှု၊ စိုက်ပျိုးပြီးစီးမှုနှင့် စိုက်ဧကများတွင် ဓါတ်မြေဩဇာများ ကြဲပက်မှုအခြေအနေများအား အသေးစိတ်ရှင်းလင်းတင်ပြခဲ့ကြပြီး လိုအပ်သည်များအား တာဝန်ရှိသူများနှင့်အတူ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။ ထို့နောက် ညနေပိုင်းတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌဦးနေဦးနှင့် စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေး ကြီးကြပ်မှုကော်မတီဝင်များနှင့်အတူ ဒုချီးရားတန်းကျေးရွာအုပ်စု၊ ခရေမြိုင်ကျေးရွာအနီး ဦးမောင်သိန်းကျော်ပါ ၄ ဦးပိုင်သော ရေချိုငါးကန် ဧက ၉ ဒဿမ ၀၀ ဧကတွင် ရေချို ငါးမြစ်ချင်း နှင့် ငါးသိုင်းခေါင်းပွငါးများ မွေးမြူထားရှိမှုနှင့် ဦးကျော်သိန်းပိုင်သောအသားတိုး CP ကြက်မွေးမြူရေးထားရှိမှုအား သွားရောက်ကြည့်ရှုအားပေးပြီး ခြံပိုင်ရှင်များနှင့် တာဝန်ရှိသူများက မွေးမြူထားရှိမှု အခြေအနေများနှင့်ပတ်သတ်၍ လိုက်လံရှင်းလင်းပြသခဲ့ကာ လိုအပ်သည်များအား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။ ယင်းနောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌဦးနေဦးနှင့် စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး ကြီးကြပ်မှုကော်မတီဝင်များနှင့်အတူ ရွှေဇားကပ္ပကောင်းကျေးရွာအုပ်စု၊ ကွင်းအမှတ် (၉၆/ဃ) ကညင်ချောင်းကွင်းရှိတောင်သူ ၃ ဦး၏ ၂၀၂၃-၂၀၂၄ ခုနှစ် မိုးစပါး ဆင်းသွယ်လတ် စိုက်ဧက ၅ ဧကတွင် မိုးစပါးများ ပျိုးထောင်ထားရှိမှုအား သဘာဝဓါတ်မြေဩဇာများ ကြဲပက်နေမှုများအား ကြည့်ရှုအားပေးပြီး တာဝန်ရှိသူများက လိုက်လံ ရှင်းလင်းပြသခဲ့ကြကာ တောင်သူများအနေဖြင့်စိုက်ပျိုးသည့် မိုးစပါးများအားအောင်မြင်ဖြစ်ထွန်းပြီး အထွက်တိုးအောင် ဆောင်ရွက်ကြစေရန်လိုကြောင်း လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

အောင်ကျော်စိန်

ခရိုင် (ပြန်/ဆက်)