ပုဂံကမ္ဘာ့အမွေအနှစ်ဒေသရှိ အာနန္ဒာအုတ်ကျောင်းရှိ ကုန်ဘောင်ခေတ် နံရံဆေးရေးပန်းချီများဖြစ်သည့် ကိန္နရီ၊ ကိန္နရာပုံများ၊ စကြဝဠာတည်နေ ဟန် ရေးဆွဲထားသည့် ပုံများကို လေ့လာနိုင်

ညောင်ဦး  ဩဂုတ်  ၁၂

မန္တလေးတိုင်းဒေသကြီး ပုဂံကမ္ဘာ့အမွေအနှစ်ဒေသရှိ အာနန္ဒာအုတ်ကျောင်းရှိ ကုန်ဘောင်ခေတ် နံရံဆေးရေးပန်းချီများဖြစ်သည့် ကိန္နရီ၊ ကိန္နရာပုံ များ၊ စကြဝဠာတည်နေဟန်ရေးဆွဲထားသည့်ပုံများ လေ့လာနိုင်ကြောင်း  ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ) တာဝန် ရှိသူများထံက သိရသည်။

အာနန္ဒာအုတ်ကျောင်းသည် အာနန္ဒာဘုရား၏မြောက်ဘက် မဟာရံတံတိုင်းနှင့် ကပ်လျက်တည်ရှိသောကြောင့် အာနန္ဒာအုတ်ကျောင်းဟူ၍ ထင်ရှားသည်။အာနန္ဒာအုတ်ကျောင်းအတွင်း အောက်ထပ်နံရံအပြည့်တွင် ကုန်းဘောင်ခေတ် နံရံဆေးရေးပန်းချီအပြည့်ရှိသော အုတ်ကျောင်း ဖြစ်သည်။ရေးဆွဲထားသော နံရံပန်းချီများမှာ ဇာတ်တော်များ ၊ ကိန္နရီ ၊ ကိန္နရာပုံများ၊ စကြဝဠာတည်နေဟန်ပုံတို့ ဖြစ်သည်။ အုတ်ကျောင်းအတွင်းရှိ မင်စာများအရ သက္ကရာဇ် ၁၁၃၇ မှ ၁၁၄၇ ခုနှစ်အထိ ဆယ်နှစ်တိုင်တိုင်တည်ဆောက်ရကြောင်း ပုဂံမော်ကွန်းထိန်း ဥတ္တနရာဇာ၏ကောင်းမှု ဖြစ်ကြောင်း ၊ ကျောင်းထိုင်ဆရာတော်၊ အုတ်အင်္ဂတေပန်းရံခ၊ အလုပ်သမားခစသည်ဖြင့် စုစုပေါင်းကျပ်သုံးထောင်ကိုးရာငါးဆယ် ကုန်ကျကြောင်း နှင့် ပန်းရံဆရာများ၏အမည်များပါမကျန်အောင် သားစဉ်မြေးဆက် ခေတ်အဆက်ဆက်သိရှိနိုင်ရန် ဖော်ပြထားသည်ကို လေ့လာဖတ်ရှုသိရှိ လေ့လာ နိုင်မည်ဖြစ်သည်။

အာနန္ဒာအုတ်ကျောင်း၏အရှေ့ဘက်တွင် ကျန်စစ်သားမင်းကြီးကောင်းမှုတော် မင်းအိုချမ်းသာဘုရား၊ အနောက်ဘက်တွင် အလောင်းစည်သူမင်းကြီး ကောင်းမှုတော် သဗ္ဗညုဘုရားနှင့်နန်းဦးဘုရား၊ အနော်ရထာမင်းကြီးနှင့်ကျန်စစ်သားမင်းကြီးတို့ ထီးနန်းစိုးစံခဲ့သည့် ပုဂံနန်းတော်ရာတို့ကိုလည်း တဆက်တစပ်တည်း လေ့လာဖူးမြော်နိုင်ကြောင်း သိရသည်။

ဒီပါလင်း