တာမွေ ဩဂုတ် ၁၂
ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ်အတွင်းရှိ ပြည်သူများစာဖတ်ခြင်းဖြင့် အသိဉာဏ်ပညာဗဟုသုတများ တိုးပွားလာစေရန်နှင့် အသိပညာများမှတစ်ဆင့် စဉ်းစားတွေးခေါ်တတ်လာပြီး အတတ်ပညာများအဖြစ်သို့ပြောင်းလဲကာ နိုင်ငံ့အကျိုး သယ်ပိုးထမ်းဆောင်နိုင်သည့် နိုင်ငံ့သားကောင်းများ ဖြစ်လာစေရန်ရည်ရွယ်ပြီး တာမွေမြို့နယ် စာပေဝါသနာရှင်များမှ စီစဉ်ကျင်းပသော " စွန့်စားမှုဆီသို့ ခြေတစ်လှမ်း " ခေါင်းစဉ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲ (၁) နာရီအချိန်က တာမွေမြို့နယ် အဝေရာလမ်းရှိ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre ) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ စာဖတ်ဝိုင်းဆွေးနွေးပွဲတွင် စာရေးဆရာအောင်ဘုန်းမြင့် (ကချင်မြေ)က စာရေးဆရာမ ခင်စောတင့် ရေးသားသည့် စွန့်စားမှုဆီသို့ခြေတစ်လှမ်းနှင့် အတွေးအမြင်စာစုများ စာအုပ်မှ " လမ်းလျှောက်ထွက်ကြမယ် " ခေါင်းစဉ်တွင်စာရေးသူက “ လမ်းလျှောက်ခြင်းသည် နေ့စဉ်လှုမှုဘဝအတွက်များစွာ အကျိုးရှိကြောင်း၊ ခန္ဓာကိုယ်ကျန်းမာရေးအတွက်လည်း များစွာအထောက်အကူပြုကြောင်း၊ လမ်းလျှောက်ခြင်းသည် ကိုယ်လက်လှုပ်ရှား အားကစားနည်းများတွင် တစ်ခုအပါအဝင်ဖြစ်ပြီး နေ့စဉ်မှန်မှန်နာရီဝက်ခန့် ပုံမှန်လမ်းလျှောက်ခြင်းသည် ခန္ဓာကိုယ်ရှိ အရိုးအဆစ်နှင့် ကြွက်သားများအား သန်မာစေရုံသာမကပဲ နှလုံးကျန်းမာရေးအတွက် များစွာအထောက်အကူပြုကြောင်း " စသည်ဖြင့် အသိပညာပေး ရေးသားထားကြောင်း ရှင်းလင်းဆွေးနွေးခဲ့သည်။
ဆက်လက်၍ တာမွေမြို့နယ် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း အဖွဲ့ဝင်ဒေါ်မိုမိုးသန့်စင်က " စွန့်စားမှုဆီသို့ခြေတစ်လှမ်း " ခေါင်းစဉ်တွင် စာရေးသူက “ လူငယ်များအနေဖြင့် မိမိတို့ ရောက်ရှိနေသည့် အခြေအနေတစ်ခုတွင်ရပ်မနေသင့်ဘဲ မိမိတို့ဘဝအောင်မြင်တိုးတက်ရေးအတွက် စွန့်စားမှုအပြည့်ဖြင့် အဆက်မပြတ် ကြိုးစားလျှောက်လှမ်းနေရမှာဖြစ်ကြောင်း ” အသိပညာပေး ရေးသားထားသည်နှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့သည်။ ထို့နောက် တက်ရောက်လာကြသော စာပေဝါသနာရှင်များကလည်း စာရေးဆရာမခင်စောတင့်၏ " စွန့်စားမှုဆီသို့ခြေတစ်လှမ်း " စာအုပ်တွင်ပါဝင်သော အကြောင်းအရာများနှင့်ပတ်သက်၍ တစ်ဦးချင်းစီအလိုက် ရှင်းလင်းဆွေးနွေး ခဲ့ကြကြောင်း သတင်းရရှိပါသည်။
နိုင်လင်းအောင် (ပြန်/ဆက်)