တာချီလိတ် ဩဂုတ် ၁၂
ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်ပံ့ပိုးမှု၊ ရှမ်းပြည်နယ်ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာနနှင့် မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များအသင်း (ရွှေတြိဂံဇုန်)တို့ ပူးပေါင်းစီစဉ်မှုဖြင့် ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်မြို့၊ ပလက်တီနမ်စတားဟိုတယ်၌ ဖွင့်လှစ်သည့် ဟိုတယ်ဆိုင်ရာ ဝန်ဆောင်မှုသင်တန်း(၃)မျိုး သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက တာချီလိတ်မြို့၊ အောင်မြတ်ခန်းမ၌ ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင်က သင်တန်းဆင်း အမှာစကားပြောကြားပြီး ဟိုတယ်ဆိုင်ရာဝန်ဆောင်မှု သင်တန်း (၃) မျိုးဖြစ်သည့် အိပ်ခန်းဆောင် ထိန်းသိမ်းရေးသင်တန်း၊ ဧည့်ကြိုသင်တန်း၊ အစားအစာနှင့်အဖျော်ယမကာ (ဝန်ဆောင်မှု) သင်တန်းကို ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၁၅ ရက်နေ့မှ ဩဂုတ်လ ၁၁ ရက်နေ့အထိ ဖွင့်လှစ်သင်ကြားပို့ချခဲ့ရာ သင်တန်းတွင် ထူးချွန်ဆုရရှိသည့် သင်တန်းသား/သင်တန်းသူများအား ဆုများ ပေးအပ်ချီးမြှင့်ခဲ့သည်။
ထို့နောက် ရှမ်းပြည်နယ်၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးထင်အောင်နိုင်က သင်တန်းနည်းပြ ဆရာ/ဆရာမ များအား ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ခြင်း၊ ခရိုင်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်၊ မြို့နယ်စည်ပင်သာယာရေးဦးစီးဌနမှ အမှုဆောင် အရာရှိနှင့် သင်တန်းနည်းပြ ဒေါ်အဲလိစဘတ်(စ်)တို့က ဘာသာရပ်အလိုက် သင်တန်းဆင်းအောင်လက်မှတ်များ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
အဆိုပါ သင်တန်းဆင်းပွဲသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင်နှင့် အစိုးရအဖွဲ့ဝင်များ၊ ခရိုင်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်နှင့် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များ၊ နည်းပြ ဆရာ/ဆရာမများ သင်တန်းသား/ သင်တန်းသူများ စုစုပေါင်း (၂၅၀) ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
ကျော်ဇေယျာလင်း (ပြန်/ဆက်)