နောင်ချိုမြို့၊ မြို့နယ်သာသနဗိမာန်တော်နှင့် မြို့နယ်သံဃနာယကအဖွဲ့ရုံး တည်ဆောက်ရန်အတွက် အလှူတော်ငွေကျပ်သိန်း(၄၀)လှူဒါန်း

နောင်ချို ဩဂုတ် ၁၂

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် မြို့နယ်သာသနဗိမာန်တော်နှင့် မြို့နယ်သံဃနာယကအဖွဲ့ရုံး တည်ဆောက်ရန်အတွက် အလှူတော်ငွေလှူဒါန်းခြင်း အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက သဖန်းကိုင်းပရဟိတ အကယ်ဒမီဝိပဿနာ ဓမ္မရိပ်သာတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အခမ်းအနားသို့ မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ခြေမြစ်ပင်ကျောင်း ဆရာတော်၊ ဒုတိယ ဥက္ကဋ္ဌ ရှောက်ခြုံကျောင်း ဆရာတော်အကျိုးတော်ဆောင် နောင်ရဲကျောင်းဆရာတော်၊ တွဲဖက်အကျိုးတော်ဆောင် လွယ်ခွင်ကျောင်းဆရာတော်၊ တည်ဆောက်ရေးအဖွဲ့ခေါင်းဆောင် သဖန်းကိုင်းပရဟိတ ဆရာတော်တို့ကြွရောက်တော်မူပြီး မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးစည်သူလင်း အမှူးပြုသော စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများမှတာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။ အခမ်းအနား၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစည်သူလင်းနှင့် တာဝန်ရှိသူများက အလှူတော်ငွေကျပ် သိန်း(၄၀)သိန်းကိုလှူဒါန်းရာ ဥက္ကဋ္ဌဆရာတော်မှ လက်ခံရယူ၍ သာဓုအနုနောဒနာ ချီးမြှင့်ခဲ့သည်။

အဆိုပါ မြို့နယ်သာသနာ့ ဗိမာန်တော်နှင့် မြို့နယ်သံဃနာယကအဖွဲ့ရုံးကို မြို့နယ်သံဃနာယက အဖွဲ့ဆရာတော်များ၏ ဩဝါဒကိုခံယူကာ သဖန်းကိုင်းပရဟိတ ဆရာတော်မှ ဦးဆောင် ဆောက်လုပ်သွားမည်ဖြစ်ကြောင်း တည်ဆောက်ရေးလုပ်ငန်းများ အမြန်ပြီးစီးနိုင်ရန်အတွက် ဒါနရှင်၊ ပါရမီရှင်၊ ကုသိုလ်ရှင်များက တတ်အားသရွေ့ ကုသိုလ်ယူ လှူဒါန်းနိုင်ကြောင်း သဖန်းကိုင်းပရဟိတ ဆရာတော်ထံမှ သိရသည်။

ထွေးငယ်(နောင်ချို၊ပြန်/ဆက်)