ရွှေလီ(၁)ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံ၊ စက်အမှတ်(၆)အား စစ်ဆေးပြုပြင်မည်ဖြစ်၍ ရှမ်းပြည်နယ်(မြောက်ပိုင်း)တွင် လျှပ်စစ်ဓာတ်အား ပြတ်တောက်မည်

မူဆယ် ဩဂုတ် ၁၂

ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်းရှိ မြို့နယ်များနှင့်မြို့ငယ်များကို အဓိကလျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးပို့လျက်ရှိသော နမ့်ခမ်းမြို့နယ်ရှိ ရွှေလီ(၁)ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံ၊ စက်အမှတ်(၆) အား စစ်ဆေးပြုပြင်မည်ဖြစ်၍  (၂၀.၈.၂၃)ရက်နေ့မှ (၂၅.၈.၂၃) ရက်နေ့အထိ လျှပ်စစ်ဓာတ်အား ခေတ္တပြတ်တောက်မည်ဖြစ်ကြောင်း သက်ဆိုင်ရာဦးစီးဌာန၏ ရုံးအမိန့်စာအရ သိရှိရပါသည်။

သို့ဖြစ်ပါ၍ ဓာတ်အားပို့လွှတ်ရေးနှင့်ကွတ်ကဲရေးဦးစီးဌာန၊ စီမံကိန်းမန်နေဂျာရုံး(၁)ရွှေစာရံမှ ဦးဆောင်ကြီးကြပ်၍ ၂၃၀ ကေဗွီ မန်စံ-ရွှေစာရံ ဓာတ်အားလိုင်းနှင့် ၂၃၀ ကေဗွီ ရွှေစာရံ-ဘဲလင်း ဓာတ်အားလိုင်းတို့ကို  230 KV Switchbayများ ပြောင်းလဲတပ်ဆင်ခြင်းနှင့် Diversionလိုင်း အဆင့်မြှင့်တင်တည်ဆောင်မည်ဖြစ်သည်။ ထို့ကြောင့် ပြောင်းလဲတပ်ဆင်တည်ဆောက်ရေး လုပ်ငန်းများဆောင်ရွက်မည်ဖြစ်၍ ရှမ်းပြည်နယ် (မြောက်ပိုင်း)ရှိ မူဆယ်၊ နမ့်ခမ်း၊ လားရှိုး၊ သီပေါနှင့် ကျောက်မဲမြို့တို့တွင် ဓာတ်အားနိုင်နင်းမှု အခြေအနေအရ ဓာတ်အားပြတ်တောက်နိုင်မည် ဖြစ်ပါသည်။ ထို့အတူ ရွှေလီ(၁)ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံ စက်အမှတ် (၃)နှင့်(၆)များအား အလှည့်ကျရပ်တန့်ပြီး စစ်ဆေးပြုပြင်ဆောင်ရွက်မည်ဖြစ်၍ မူဆယ်ခရိုင်အတွင်းရှိ မူဆယ်၊ နမ့်ခမ်း၊ ပန်ဆိုင်း(ကြူကုတ်)နှင့် မန့်ဟီးရိုးမြို့တို့တွင် ဓာတ်အား ပြတ်တောက်မည်ဖြစ်သောကြောင့် ဒေသခံပြည်သူများ၊ ဌာနဆိုင်ရာရုံးများနှင့် ပုဂ္ဂလိကလုပ်ငန်းရှင်များအနေဖြင့် လျှပ်စစ်ဓာတ်အား ပြတ်တောက်မည့်(၆)ရက်အတွက် လိုအပ်သည်များကို ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားကြရန် အသိပေးနှိုးဆော်လိုက်ရပါသည်။

မူဆယ်ခရိုင်(ပြန်/ဆက်)