ပုဏ္ဏားကျွန်းမြို့၌ လူငယ်များဘက်စုံထူးချွန်စေရေးအတွက် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကျင်းပ

ပုဏ္ဏားကျွန်း ဩဂုတ် ၁၂

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှကြီးမှူး၍ နိုင်ငံတော်၏ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ကျောင်းသားလူငယ်များ ဘက်စုံထူးချွန်လာစေရေးအတွက် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့၊ ညနေ(၃)နာရီက ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့၊ စံပြရပ်ကွက်၊ အမှတ်(၂) အခြေခံပညာမူလတန်းလွန်ကျောင်း၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ ကျောင်းအုပ်ဆရာကြီး ဦးအောင်မြင့်က အဖွင့်အမှာစကားပြောကြားပြီး၊ ပုဏ္ဏားကျွန်းမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဦးစီးအရာရှိ ဦးခင်မောင်ဌေးက လူငယ်များကျန်းမာကြံ့ခိုင်ပြီး လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် “လူငယ်နှင့်အားကစား” ခေါင်းစဉ်ဖြင့် အားကစားသက်ဆိုင်သည့် အခြေခံအချက်(၄)ချက်ကို ရှင်းလင်းပြောကြားပြီး၊ ကျောင်းသားလူငယ်တို့က မိမိသိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြရာ မြို့နယ်အားကစားမှူးက ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့သည်။

အဆိုပါဟောပြောပွဲသို့ ကျောင်းအုပ်ဆရာကြီးနှင့်ဆရာ၊ ဆရာမများ၊ ကျောင်းသား/သူများ တက်ရောက်ခဲ့ကြပြီး၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကျောင်းသားလူငယ်များ ကျန်းမာကြံ့ခိုင်ပြီး နိုင်ငံ့ဂုဏ်ဆောင်အားကစားလူငယ်များ ပေါ်ထွက်လာစေရေးအတွက် အားကစားသင်ထောက်ကူပစ္စည်းများအား ထောက်ပံ့ပေးအပ်ကာ လူငယ်အားကစားသမား တစ်ဦးက ကိုယ်ကာယကြံ့ခိုင်မှုတို့ကို လက်တွေ့သရုပ်ပြဆောင်ရွက်ခဲ့ကြောင်း သိရသည်။

နီထွန်းအောင်(ပြန်/ဆက်)