မြေပုံမြို့နယ်အတွင်း ရေလမ်းကြောင်းသွားပြည်သူများ အသက်အန္တရာယ်ကင်းဝေးစေရန် အသက်ကယ်အင်္ကျီ (Jife Jacket) စနစ်တကျ ဝတ်ဆင်တတ်စေရေး အသိပညာပေးခြင်းများဆောင်ရွက်

မြေပုံ ဩဂုတ် ၁၂

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြေပုံမြို့နယ်၌ ရေလမ်းကြောင်းဖြင့် ခရီးသွားပြည်သူများအား အသက်ကယ်ဝတ်စုံ (Jife Jacket) များ စနစ်တကျ ဝတ်ဆင်တတ်စေရေး အသိပညာပေးခြင်းများ ဆောင်ရွက်ခြင်းကို ယမန်နေ့ နေ့လယ် (၁၂) နာရီအချိန်က မြေပုံမြို့ စက်လှေဆိပ်ကမ်း၌ ပြုလုပ်ဆောင်ရွက်သည်။

ထို့သို့ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ ဒု-မီးသတ်ဦးစီးမှူး ဦးကျော်သန်းစိုး ဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင်များ စည်ပင်သာယာဝန်ထမ်းများတို့က မြေပုံမြို့နယ်အတွင်းရှိ ကျေးရွာများနှင့်  အခြားမြို့နယ်များမှ ကုန်စည်ပို့ဆောင်လျက်ရှိသည့် ခရီးသည်တင်‌ရေယာဉ်လိုင်းများ၊ ရေလမ်းခရီးသွားပြည်သူများ၊ ခရီးသည်နှင့် ကုန်စည်တင်ပြေးဆွဲနေသော စက်လှေများရှိ ပြည်သူများအား  မိုးရာသီကာလအတွင်း မိုးအဆက်မပြတ်ရွာသွန်းမှုကြောင်း ရေကြီးရေလျှံမှု ဖြစ်ခြင်း၊ မြစ်ရေကြီးခြင်း၊ တောင်ကျချောင်းရေများ အရှိန်ပြင်းစွာစီးဆင်းခြင်းနှင့် လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ်တတ်ကြောင်း၊ အဆိုပါ သဘာဝဘေးအန္တရာယ်များကြောင်း ရေယာဉ်များ ထိခိုက်ပျက်စီးမှု ဖြစ်ပေါ်နိုင်ကြောင်းနှင့် ရေလမ်းခရီးသွားပြည်သူများအနေဖြင့်  ခရီးသွားလာရာတွင် လုံခြုံစိတ်ချရမှု ရှိစေရန်အတွက် အသက်ကယ်ဝတ်စုံ (Jife Jacket) များ ဝတ်ဆင်ပြီးမှသာ ခရီးသွားလာသင့်ကြောင်း အသိပညာပေး စည်းရုံးဟောပြောခဲ့ပြီး အသက်ကယ် အင်္ကျီဝတ်ဆင်နည်းကို လက်တွေ့သရုပ်ပြဆောင်ရွက်ခဲ့ကြောင်း သိရသည်။

တင်ဝင်း