စစ်တွေ ဩဂုတ် ၁၂
၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှုများ ပြည်နယ်အဆင့် အထိမ်းအမှတ်အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက စစ်တွေမြို့၊ လောကာနန္ဒာစေတီတော်ပရိဝုဏ်အတွင်းရှိ သာသနာ့ဗိမာန်တော်၌ကျင်းပရာ ရခိုင်ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု အဖွဲ့ဥက္ကဋ္ဌ၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်ဇနီး ဒေါ်ဆွေဆွေမြတ်၊ ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဆရာ၊ ရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် လူမှုရေးအဖွဲ့အစည်းများမှ ကိုယ်စားလှယ် များတက်ရောက်ကြသည်။
အခမ်းအနားတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက နိုင်ငံတစ်နိုင်ငံ၏ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးကို ဖော်ဆောင်နိုင်ရန် လူသားအရင်းအမြစ်ဖွံ့ဖြိုး တိုးတက်ရေးကို အဓိကအလေးထား ဆောင်ရွက်လျက်ရှိပါကြောင်း၊ လူသားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးသည် ပညာအပေါ်တည်ဆောက်ခြင်းဖြစ်ပြီး ပညာရေးရင်းနှီးမြှုပ်နှံ မှုကို အလေးထား လုပ်ဆောင်ကြရမည်ဖြစ်ကြောင်း၊ ပညာပြည့်ဝပြီး ကျန်းမာကြံ့ခိုင်သည့် လူစွမ်းအားအရင်းအမြစ်များရှိမှသာ နိုင်ငံတော်ကို ဖွံ့ဖြိုးတိုးတက်အောင်တည် ဆောက်နိုင်မည်ဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဆိုင်ကလုန်းမုန်တိုင်း(မိုခါ) တိုက်ခတ်ပြီးနောက် နိုင်ငံ့အနာဂတ်ကို ထုဆစ်ပုံဖော်ကြမည့် ကျောင်းသား လူငယ်များ အချိန်နောက်မကျစေဘဲ ပညာသင်ယူခွင့်ရရှိစေရေးအတွက် ကျောင်းများအချိန်မီ ပြုပြင်ပြီးစီးနိုင်ရန် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်မှုဖြင့် ပြည်ထောင်စုဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများ၊ ပြည်သူများ၏စုပေါင်းအားနှင့်ကြိုးစား ဆောင်ရွက်နိုင်ခဲ့ခြင်းကြောင့် ဇွန်လ ၁ ရက်နေ့တွင် အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များနည်းတူ ကျောင်းများပြန်လည်ဖွင့်လှစ်နိုင်ခဲ့ပါကြောင်း၊ ကျောင်းသား၊ ကျောင်းသူများအချိန်မီပညာသင်ယူခွင့် ရရှိနိုင်ခဲ့ခြင်းသည် မိမိတို့အားလုံး၏ စုပေါင်းစွမ်းအားဖြင့် မဆုတ်မနစ်ကြိုးစားအား ထုတ်မှုကြောင့် အောင်မြင်မှုရရှိခဲ့ခြင်းပင်ဖြစ်ကြောင်း၊ ယခုအခါ နိုင်ငံတော်မှာ စနစ်သစ်ပညာရေးကို KG + 12 ထိဖော် ဆောင်လျက်ရှိပြီး နိုင်ငံတော်အစိုးရအနေဖြင့် KG + 9 အခြေခံပညာအလယ်တန်းအဆင့်ထိ ကျောင်းနေအရွယ် ကလေးငယ်တိုင်းပညာသင်ကြားခွင့်ရရေးနှင့် အောင်မြင်စေ ရေးကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ ကျောင်းနေအရွယ်ကလေးများ၏ ကျန်းမာရေးသည် အလွန်အရေးကြီး သည့်အတွက် ကျောင်းသားလူငယ်များ ဉာဏ်ရည်ထက်မြက်ပြီး ကျန်းမာသန်စွမ်းမှသာ အနာဂတ်နိုင်ငံတော်ကို ဦးဆောင်နိုင်မည်ဖြစ်ကြောင်း၊ ကျောင်းကျန်းမာရေးလုပ်ငန်းသည် ကြိုတင်ကာကွယ်ခြင်းနှင့် ကျန်းမာမှုမြှင့်တင်ခြင်းအတွက် အခြေခံကျသော ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းဖြစ်ကြောင်း၊ ထို့ကြောင့်ကျောင်းကျန်းမာရေးလုပ်ငန်းများကို ပညာရေးနှင့်ကျန်းမာရေး ဌာနသာမက နှီးနွှယ်ဌာနများ၊ လူမှုရေးအဖွဲ့အစည်းများ၊ သက်ဆိုင်သူအားလုံးက ပြည်နယ်၊ ခရိုင်၊ မြို့နယ်၊ ကျောင်းအဆင့်တိုင်းမှာ ညှိနှိုင်းပူးပေါင်းဆောင်ရွက်ကြရန် အထူးတိုက်တွန်းမှာကြားလိုကြောင်းနှင့် ကျောင်းသားလူငယ်များ ကျန်းမာသန်စွမ်းပြီး ကာယ၊ ဉာဏ၊ စာရိတ္တဘက်စုံဖွံ့ဖြိုးခြင်းသည် အနာဂတ်နိုင်ငံတော်အတွက် အကောင်းဆုံးအရင်းအနှီးဖြစ်ခြင်းကြောင့် ကျောင်းသားလူငယ်များ ကျန်းမာရေးအဆင့်အတန်း မြင့်မားရန် ပညာရေး၊ ကျန်းမာရေး၊ နှီးနွှယ်ဌာနများ၊ လူမှုရေးအဖွဲ့အစည်းများ၊ မိဘပြည်သူများအားလုံး ပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်းပြောကြားသည်။
ထို့နောက် ပြည်နယ်ပညာရေးမှူး ဦးဘထွီးစိန်က ကျောင်းကျန်းမာရေးလုပ်ငန်းစဉ်များ ဆောင်ရွက်မှုအခြေအနေများအားလည်းကောင်း၊ ပြည်နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာကြည်လွင်က ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှု ကျင်းပရခြင်းအားလည်းကောင်း ရှင်းလင်းပြောကြားပြီး မူလတန်းကျောင်းသား၊ ကျောင်းသူလေးများက ကျောင်းကျန်းမာရေး တေးသရုပ်ဖော်ဖြင့် သီဆိုဖျော်ဖြေကြသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်၏ဇနီး ဒေါ်ဆွေဆွေမြတ်က တေးသရုပ် ဖော်ဖြင့် သီဆိုဖျော်ဖြေကြသည့်ကလေးငယ်များအား ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ပြီး ကျောင်းကျန်း မာရေးလှုပ်ရှားမှု ဗီဒီယိုအား ကြည့်ရှုအားပေးကြကာ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး တာဝန်ရှိသူများက အခမ်းအနားသို့တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူလေးများအား ပဲနို့နှင့်အာဟာရ ဖြည့်စွက်စာများ တိုက်ကျွေးကြသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး တာဝန်ရှိသူများသည် ခန်းမအတွင်း၌ ကျောင်းသား၊ ကျောင်းသူများ၏ အစာအာဟာရအုပ်စု(၃) အုပ်စုအကြောင်း ရှင်းလင်းခြင်း၊ စနစ်မှန်လက်ဆေးခြင်း၊ စနစ်မှန်သွားတိုက်ခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ်ပြုလုပ်ခြင်းတို့ကို လှည့်လည်ကြည့်ရှုအားပေးကြပြီး ကျောင်းသား၊ ကျောင်းသူလေးများအား သံချဆေးများတိုက်ကျွေးကြကာ ကျန်းမာရေးအသိပညာပေး ရှင်းလင်းကြသည့် ကျောင်းသား၊ ကျောင်းသူလေးများအား ဂုဏ်ပြုငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
နေ့လယ်ပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ်သည် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်သည်။
ညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက နိုင်ငံ့စီးပွားမြှင့်တင်ရေးအတွက် အရှိန်အဟုန်မြှင့်ဆောင်ရွက်နိုင်ရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်က တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များကို လမ်းညွှန်မှာကြားခဲ့ပါကြောင်း၊ နိုင်ငံတော်အဆင့်က လုပ်ဆောင်နေသည့် ဦးတည်ချက်များ၊ ရည်မှန်းချက်များကိုသိရှိပြီး မိမိတို့ဒေသ၏အကျိုးကို ပိုမိုဆောင်ရွက်နိုင်ရန် ရည်ရွယ်ပြီးပြောကြားခြင်းဖြစ်ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ ဦးတည်ချက်(၉)ရပ်ကို ချမှတ်ဆောင်ရွက်လျက်ရှိကြောင်း၊ ရခိုင်ပြည်နယ် အနေဖြင့် ရှေ့လုပ်ငန်းစဉ်နှင့်အညီ လက်ရှိအခြေအနေတွင် တည်ငြိမ်မှုနှင့် တရားဥပဒေစိုးမိုးရေးကို ယခင်ကထက်လုပ်ဆောင်နိုင်သည်ကို တွေ့ရှိရပါကြောင်း၊ ပြည်နယ်အစိုးရ အဖွဲ့အနေဖြင့် တည်ငြိမ်အေးချမ်းရေးနှင့် တရားဥဒေစိုးမိုးရေးကို လုပ်ဆောင်နေသကဲ့သို့ ဒေသဖွံ့ဖြိုး တိုးတက်ရေးကို လုပ်ဆောင်လျက်ရှိကြောင်း၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးနှင့် ပြည်သူတစ်ရပ်လုံး လူမှုစီးပွား ဘဝမြင့်မားရေးအတွက် အားလုံးပူးပေါင်း ဆောင်ရွက်ကြရန်လိုကြောင်း၊ မိမိတို့၏ဒေသ စီးပွားမြှင့်မားရေးအတွက် စိုက်ပျိုးရေးနှင့်မွေးမြူရေးကို အခြေခံသည့်စီးပွားရေးလုပ်ငန်းများကို ပိုမိုတိုးချဲ့ဆောင်ရွက်ရန်လိုကြောင်း၊ လက်ရှိတွင်လည်း မိမိတို့အနေဖြင့်ဆောင်ရွက်လျက်ရှိကြောင်း၊ ရခိုင်ပြည်နယ်အတွင်း မိုးစပါးစိုက်ဧကများတိုးချဲ့စိုက်ပျိုးနိုင်ရေး၊ ဩဂုတ်လအကုန်တွင် ထွန်တုံးပိတ်စိုက်ပျိုးနိုင်ရေးဆောင်ရွက်လျက်ရှိကြောင်း၊ မွေးမြူရေးတွင်လည်း မိုခါမုန်တိုင်းတွင် ထိခိုက်ဆုံးရှုံးခဲ့သည့် ကျွဲ၊ နွားများနှင့် မွေးမြူရေးလုပ်ငန်းများအား အစားထိုးရရှိနိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း၊ ရခိုင်ပြည်နယ်သည် တည်ငြိမ်အေးချမ်းပြီး အခြေအနေကောင်းတရပ်ကို ရရှိနေသည့် ပြည်နယ်တစ်ခုဖြစ်သည့်အတွက် ပြည်သူများ၏လိုအပ်ချက်များကို ကျေးရွာများအရောက်ကွင်းဆင်းကာ ပြည်သူများနှင့်ထိတွေ့ပြီး ပြည်သူများ၏လိုအပ်ချက်၊ ဒေသ၏လိုအပ်ချက်များကို လုပ်ဆောင်ကြစေလိုကြောင်း၊ အလားတူ MSME လုပ်ငန်းများကို အားပေးလုပ်ဆောင်သွားကြရမည်ဖြစ်ကြောင်း၊ မိမိတို့ပြည်နယ်တွင် MSME လုပ်ငန်းများ များစွာရှိပါကြောင်း၊ ပြည်ပနိုင်ငံများအထိထိုးဖောက်နိုင်သည့် လုပ်ငန်းများလည်းများစွာ ရှိပါကြောင်း၊ ထိုကိစ္စများကို အားပေးမြှင့်တင် လုပ်ဆောင်သွားကြရမည်ဖြစ်ကြောင်း၊ လိုအပ်သည်များ ကို ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း၊ မိမိတို့ပြည်နယ်သည် ဆန်ဖူလုံမှုရှိသော်လည်း ဆီဖူလုံမှုလိုအပ်ချက် ရှိသည်ကို တွေ့ရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ဆီထွက်သီးနှံများတိုးချဲ့စိုက်ပျိုးရန်၊ ပန်းတိုင်ရည်မှန်းချက်အတိုင်း ထွက်ရှိအောင်ဆောင်ရွက်သွားရန် လိုအပ်မည်ဖြစ်ကြောင်း၊ ထိုသို့ဆောင် ရွက်ပေးခြင်းသည်လည်း တောင်သူများ၏ ဘဝတိုးတက်မြင့်မားလာရန်ဆောင်ရွက်ခြင်း ဖြစ်ကြောင်း၊ အလားတူ ဘက်စုံပညာရေးစနစ်ကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်လိုကြောင်း၊ ဗလငါးတန်နှင့်ပြည့်စုံ သည့်လူငယ်များဖြစ်ပေါ်လာရေးအတွက် ပုံဖော်ထုဆစ်ပေးရန် မိမိတို့တွင် တာဝန်ရှိကြောင်း၊ နိုင်ငံက အားကိုးရသည့် ကျန်းမာကြံ့ခိုင်သည့် လူငယ်များဖြစ်အောင် ပြုစုပျိုးထောင်ကြစေလိုကြောင်းနှင့် ပညာရေး၊ ကျန်းမာရေးနှင့် အားကစားကဏ္ဍများမြှင့်တင်ရေးကို ပူးပေါင်းဆောင်ရွက်သွားကြ ရမည် ဖြစ်ကြောင်းပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးများက လုပ်ငန်းကဏ္ဍအလိုက်ဆောင်ရွက်နေမှုများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြကြပြီး ပြည်နယ်မီးသတ်ဦးစီးဌာန၊ ပြည်နယ်ပညာရေးမှူးနှင့် ပြည်နယ်သာသနာရေးမှူးတို့က မိမိတို့ဌာနအလိုက် လုပ်ငန်းများဆောင်ရွက်နေမှုတို့ကို ရှင်းလင်းတင်ပြကြသည်။
တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးများနှင့် ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးတို့က ဖြည့်စွက်ဆွေးနွေးတင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို မှာကြားကာ နိဂုံးချုပ် အမှာစကားပြောကြားခဲ့ကြောင်းသတင်းရရှိသည်။
တင်ထွန်း(ပြန်/ဆက်)