မိုင်းဆတ်မြို့၌ ကိုဗစ်-၁၉ ရောဂါ စောင့်ကြည့်စစ်ဆေးကြီးကြပ်မှုကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

မိုင်းဆတ် အောက်တိုဘာ ၁၄

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၌ ကိုဗစ်-၁၉ ရောဂါ စောင့်ကြည့်စစ်ဆေး ကုသရေးကြီးကြပ်မှုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် (၁၀)နာရီအချိန် က ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ ခရိုင် ကိုဗစ်-၁၉ ရောဂါ စောင့်ကြည့်စစ်ဆေး ကုသရေးကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ  ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဟိန်းကျော် က မိုင်းတုံမြို့နှင့် မိုင်းဆတ်မြို့တွင် ကိုဗစ်-၁၉ ပိုးတွေ့လူနာ (၁)ဦးစီ တွေ့ရှိသည့်အတွက် ကိုဗစ်-၁၉ ရောဂါ ဆက်လက်ကူးစက်ပြန့်ပွားမှုမရှိစေရန် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ အရှိန်အဟုန်မြှင့် ကြပ်မတ်စစ်ဆေး ဆောင်ရွက်ရေး အမှာစကားပြောကြားပြီး မြို့နယ် အုပ်ချုပ်ရေးမှူး ဦးငြိမ်းထွေး က ဦးသက်လွင် ကုန်စုံဆိုင်မှ ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာနှင့် ထိတွေ့ ဆက်ဆံမိသူများအား စုံစမ်းဆောင်ရွက်နေမှု အခြေအနေများ၊ မြို့ဝင်၊ မြို့ထွက် ကိုဗစ်-၁၉ စောင့်ကြည့် စစ်ဆေးရေးဂိတ်များတွင် တာဝန်ချထားမှု အခြေအနေများ၊ Quarantine ဝင်ရောက်နေသူ ပိုးတွေ့လူနာအပါအဝင် (၅၀)ဦး၏ စားဝတ်နေရေး စီစဉ်ဆောင်ရွက် ပေးမှု အခြေအနေများ၊ ရွှေမဟာ Quarantine Center တွင်လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်နေမှု အခြေအနေများကို လည်းကောင်း၊ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာအောင်ဇေယျ က ကိုဗစ်-၁၉ ပိုးတွေ့လူနာအား ရွှေမဟာ Quarantine Center တွင် သီးသန့်ထားကာ ဆေးကုသနေမှု အခြေအနေများ၊ ပိုးတွေ့လူနာနှင့်အတူ နေထိုင်သူ ဦးသက်လွင် မိသားစုအား ကိုဗစ်-၁၉ ရောဂါပိုး ရှိ၊ မရှိ  Test Kit ဖြင့် ထပ်မံစစ်ဆေးမည့်အခြေအနေနှင့် အခြား Quarantine ဝင်ရောက်နေသူများနှင့် ပိုးတွေ့လူနာနှင့်ထိတွေ့ ဆက်ဆံမိသူများအား Swab နမူနာများရယူ၍ ဓာတ်ခွဲခန်းသို့ ပို့ဆောင်စစ်ဆေးမှုအခြေအနေများကို ဆွေးနွေးတင်ပြခဲ့သည်။

ထို့နောက် အစည်းအဝေးတက်ရောက်လာသော ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းခတ္တိယ၊ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးသန်းဝင်း၊ ဦးဒါဝိဒ်နှင့် တာဝန်ရှိသူတို့က ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသော ဦးသက်လွင် ကုန်စုံဆိုင် အနီးတစ်ဝိုက်အား ယာယီ Lock down ချထားရေး၊ မြို့ဝင်/မြို့ထွက် စစ်ဆေးရေး ဂိတ်များတွင် ည(၁၀)နာရီမှ မနက်(၆)နာရီထိ ယာဉ်ဝင်၊ ထွက်သွားလာခွင့်မပြုရေး၊ ခရီးသည်တင်ယာဉ်လိုင်း များနှင့် ဖြတ်သန်းသွားလာသူများအား နေ့၊ ညမပျက် စောင့်ကြည့်စစ်ဆေးဆောင်ရွက်ရေး၊ သက်ဆိုင်ရာ ရပ်/ကျေးထောက်ခံချက်၊ ကျန်းမာရေးထောက်ခံချက်ပါ၊ မပါစစ်ဆေးဆောင်ရွက်ရေး၊ ခရီးသွားရာဇဝင်များ စစ်ဆေး၍ မှတ်တမ်းရယူရေး၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ကိုဗစ်-၁၉ လမ်းညွှန်ချက်များ လိုက်နာဆောင်ရွက်ရေး စသည့်အချက်များ ဝိုင်းဝန်းဆွေးနွေးခဲ့ကြပြီး ခရိုင်ကိုဗစ်-၁၉ ရောဂါ စောင့်ကြည့်စစ်ဆေးကုသရေးကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ ခရိုင် အုပ်ချုပ်ရေးမှူး ဦးအောင်ဟိန်းကျော် က လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးခဲ့ကြောင်း သိရသည်။

မြင့်မောင်(ပြန်/ဆက်)