ရန်ကုန် ဩဂုတ် ၁၂
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံ လှေလှော်အဖွဲ့ချုပ်တို့က ကြီးမှူးကျင်းပသည့် ပြည်နယ်နှင့် တိုင်းဒေသကြီးလှေလှော် ဗိုလ်လုပွဲပြိုင်ပွဲများကို ယမန်နေ့ညနေပိုင်းက ရန်ကုန်မြို့၊ အင်းလျားကန်ရှိ မြန်မာနိုင်ငံလှေလှော် အဖွဲ့ချုပ်၌ ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးအသင်း စုပေါင်းတံခွန်စိုက်ဖလားဆွတ်ခူး ရသွားသည်။
ဗိုလ်လုပွဲပြိုင်ပွဲများအပြီး မီတာ (၅၀၀) အမျိုးသား၊ အမျိုးသမီး၊ အမျိုးသား နှင့် အမျိုးသမီး ၇ တက်၊ (၁၀) တက်ပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယ ရရှိကြသော ပြည်နယ်နှင့်တိုင်းဒေသကြီး အသင်းများအား တိုင်းဒေသကြီး၀န်ကြီးများက တစ်ဦးချင်း ဆုတံဆိပ်နှင့်ငွေသားဆုများ ပေးအပ်ချီးမြှင့်သည်။
ဆက်လက်၍ တိုင်းဒေသကြီးလုံခြုံရေးနှင့် နယ်စပ်ရေးရာ၀န်ကြီး ဗိုလ်မှူးကြီး၀င်းတင့်က ရွှေနှစ်၊ ငွေနှစ်ခုဖြင့် တံခွန်စိုက်ဆုဖလားရရှိသွားသော ဧရာ၀တီတိုင်းဒေသကြီး အမျိုးသမီးအသင်းအား ဆုဖလားနှင့် ငွေသားဆုချီးမြှင့်သည်။
ထို့နောက် တိုင်းဒေသကြီး၀န်ကြီးချုပ် ဦးစိုးသိန်းက ရွှေလေးခုဖြင့် တံခွန်စိုက်ဆုရရှိသွားသော ရန်ကုန်တိုင်းဒေသကြီး အမျိုးသားအသင်းအား ဆုဖလားနှင့် ငွေသားဆုကိုလည်းကောင်း၊ ရွှေရှစ်ခု၊ ငွေနှစ်ခုရရှိသွားသော ရန်ကုန်တိုင်းဒေသကြီးအသင်းအား စုပေါင်းတံခွန်စိုက်ဖလားနှင့် ငွေသားဆုချီးမြှင့်ခဲ့ကြောင်း သိရသည်။
အောင်မြင့်(ပြန်/ဆက်)