ဗိုလ်တထောင် အောက်တိုဘာ ၁၄
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်မြို့နယ်၊ အမှတ်(၃)ရပ်ကွက်၊ ကုန်သည်လမ်းနှင့် ဗိုလ်တထောင် စျေးလမ်းထောင့်ရှိ Times city center ကိုဗစ်-၁၉ ရောဂါ ကုသရေးဌာန (ဗိုလ်တထောင်မြို့နယ်) မြေနေရာအား ယမန်နေ့က စ၍ တားမြစ်နယ်မြေအဖြစ် သတ်မှတ်ကြောင်း သိရသည်။
အဆိုပါ Times city center ကိုဗစ်-၁၉ ရောဂါကုသရေးဌာနတွင် ကုသရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် မလိုလားအပ်သော အနှောက်အယှက်များ မဖြစ်ပေါ်စေရေး၊ မလိုလားအပ်ဘဲ ဖြတ်သန်းလာမှု မရှိစေရေး လူနာများ၊ အုပ်ချုပ်ရေး တာဝန်ရှိသူများနှင့် ဆေးဘက်ဆိုင်ရာ တာဝန်ရှိသူများ လုံခြုံမှုရှိစေရေး၊ အများပြည်သူ စိတ်အနှောက်အယှက် မဖြစ်ပေါ်စေရေးအတွက် တာဝန်မဲ့ ဝင်/ထွက်သွားလာခြင်းတို့အား တားဆီးပိတ်ပင် သတ်မှတ်နိုင်ရန် တားမြစ်နယ်မြေအမှတ် သတ်မှတ်ပြီး အရှေ့ဘက်တွင် သဘာဝဓာတ်ငွေ့အရောင်းဆိုင်နှင့် ကုန်းလမ်းပို့ဆောင်ရေးဝင်း၊ အနောက်ဘက်တွင် ဗိုလ်တထောင်စျေးလမ်း၊ တောင်ဘက်တွင် ကုန်သည်လမ်း၊ မြောက်ဘက်တွင် ကုန်းလမ်းပို့ဆောင်ရေးဝင်းနေရာများအထိ သတ်မှတ်ဧရိယာအတွင်း တာဝန်ရှိသူနှင့် ခွင့်ပြုချက် ရရှိသူမှအပ အခြားမည်သူမျှ ဝင်/ထွက်သွားလာခြင်းများ မပြုလုပ်ရန် အမိန့်ထုတ်ပြန်သည့်နေ့မှစ၍ (၂)လအတွင်း အတည်ဖြစ်ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ သိရှိရသည်။
သိန်းသိန်း(ဗိုလ်တထောင်)