မန္တလေး သြဂုတ် ၁၁
မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် မန္တလေးတိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီတို့ ပူးပေါင်း၍ ရှေးဦးပြုစုခြင်း(နည်းပြ)သင်တန်းကို ဩဂုတ်လ ၉ ရက်နေ့ နံနက် ၈ နာရီက ချမ်းအေးသာစံမြို့နယ်ရှိ ရတနာသိင်္ဂီဟိုတယ်တွင် ဖွင့်လှစ်ခဲ့သည်။
ရှေးဦးစွာ မြန်မာနိုင်ငံကြက်ခြေနီအသင်း ဗဟိုကောင်စီဝင် မန္တလေးတိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ ဒေါက်တာသိန်းထွန်းဆောင်က သင်တန်းအဖွင့်အမှာစကား ပြောကြားပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူး၍ သင်တန်းနည်းပြများက သင်ခန်းစာများ ဆက်လက်ပို့ချသည်။
အဆိုပါသင်တန်းသို့ မန္တလေးတိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီဝင်များ၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ ရှေးဦးပြုစုခြင်းနှင့် အန္တရာယ်ကင်းရှင်းရေးဌာန၊ အကြီးတန်းသင်တန်းအရာရှိ ဦးအုန်းသွင်နှင့် နည်းပြများ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်သည်။
ယင်းသင်တန်းတွင် ဦးအုန်းသွင်နှင့် နည်းပြများက ကြက်ခြေနီ လှုပ်ရှားမှုအကြောင်း၊ ရှေးဦးပြုစုခြင်းမူဝါဒ၊ နည်းပြတစ်ဦး သိရှိရမည့် သင်ကြားနည်းစနစ်များ၊ လူနာဆန်းစစ်ခြင်းနှင့် ဦးစားပေးလူနာရွေးချယ်ခြင်း စသည့် ရှေးဦးပြုစုခြင်းနှင့် သက်ဆိုင်သော ဘာသာရပ်များအား ဩဂုတ်လ ၁၆ ရက်နေ့အထိ စာတွေ့၊ လက်တွေ့ သင်ကြားပို့ချသွားမည်ဖြစ်ပြီး သင်တန်းသို့ ချမ်းအေးသာစံမြို့နယ်၊ မဟာအောင်မြေမြို့နယ်၊ အမရပူရမြို့နယ်၊ ပြင်ဦးလွင်၊ မိုးကုတ်၊ သပိတ်ကျင်းနှင့် မိတ္ထီလာမြို့နယ်များမှ ကြက်ခြေနီစေတနာလုပ်အားရှင် (၂၅) ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။
ထိပ်ထားနိုင်