ကျိန္တလီမြို့ Community Centre ခန်းမတွင် စာပေချစ်မြတ်နိုးသူများအသင်း Book Club အဖွဲ့ဝင်များ စာဖတ်ဝိုင်းပြုလုပ်

ကျိန္တလီ    သြဂုတ်  ၁၁

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်မြတ်နိုးသူများအသင်းနှင့်ပူးပေါင်း၍ စာရေးဆရာမ ခင်စောတင့်၏ “စွန့်စားမှုဆီသို့ခြေတစ်လှမ်းနှင့်အတွေးအမြင်စာစုများ စာအုပ်ဖြင့် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ယနေ့နံနက် ၁၁ နာရီအချိန်က စာဖတ်ဝိုင်း ပြုလုပ်ခဲ့သည်။

အဆိုပါ စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်သန်းသန်းလေးက ကျိန္တလီမြို့အတွင်းရှိ ပြည်သူများအနေဖြင့် စာဖတ်ရှိန်မြင့်မားလာစေရန်၊ စာပေမှ ဗဟုသုတများရရှိစေရန်၊ စာဖတ်ခြင်း၏ အကျိုးကျေးဇူးနှင့် စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် စာပေချစ်မြတ်နိုးသူများအသင်း(Book Club) ဥက္ကဋ္ဌ ဦးခင်မောင်ညိုက ဦးဆောင်၍ စာရေးဆရာမ ခင်စောတင့် ရေးသားထားသော စွန့်စားမှုဆီသို့ခြေတစ်လှမ်းနှင့်အတွေးအမြင်စာစုများလူတန်းစားအလွှာ မခြားနားစေရာနှင့် စွန့်စားမှုဆီသို့ခြေတစ်လှမ်း စသည့်အကြောင်းအရာကို လည်းကောင်း၊ (Book Club) အဖွဲ့ဝင် ဦးကျော်မင်းသန်းက “ချမ်းမြေ့သာယာတဲ့အိမ်ထောင်ရေးနှင့် ကျော်ကြားမှုအတွက် ပေးဆပ်ရခြင်း စသည့်အကြောင်းအရာများကိုလည်းကောင်း အပြန်အလှန် ဆွေးနွေးခဲ့ကြောင်း သိရသည်။

ဇော်လင်း