ကျောက်ဖြူမြို့၊ အထက(ခွဲ)အလက(၂)ကျောင်း၌ လူငယ်စကားဝိုင်း ကျင်းပ

ကျောက်ဖြူ     ဩဂုတ်  ၁၁

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကျင်းပသည့် လူငယ်စကားဝိုင်းကို ယနေ့နံနက် ၉ နာရီက အထက(ခွဲ) အ-လ-က(၂) ကျောင်းရှိ ပညာဝတီခန်းမတွင် ပြုလုပ်သည်။

ရှေးဦးစွာ ကျောက်ဖြူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်ခင်ယုယုနွယ်က လူငယ်များ စာဖတ်စွမ်းရည်တိုးတက်စေရေး၊ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် ဗလငါးတန်နှင့်ပြည်စုံသော လူငယ်လူရွယ်များဖြစ်လာစေရေး စသည့် လူငယ်စကားဝိုင်း ကျင်းပပြုလုပ်ရခြင်း၏  ရည်ရွယ်ချက်အားရှင်းလင်းပြောကြားသည်။ ထို့နောက် လူငယ် စကားဝိုင်းကို ဆက်လက်ကျင်းပပြုလုပ်ရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးသိန်းထွန်းအောင်က ဦးဆောင်ဆွေးနွေးသူ (Moderator) အဖြစ် ပါဝင်ဆောင်ရွက်ပြီး အထက(ခွဲ) အလက(၂)မှ Grade–9 ကျောင်းသား မောင်မင်းသန့်က “လူငယ်နှင့်အားကစား ခေါင်းစဉ်ဖြင့် လည်းကောင်း၊ Grade– 8 ကျောင်းသား မောင်အောင်မျိုးဇွဲက “လူငယ်နှင့်စာရိတ္တ ခေါင်းစဉ်ဖြင့် လည်းကောင်း၊ Grade– 8 ကျောင်းသူ မခိုင်ဆုလာဘ်က “လူငယ်နှင့်ပညာရေး ခေါင်းစဉ်ဖြင့် လည်းကောင်း၊ Grade– 8 ကျောင်းသူ မရွှေအိမ်စည်သူက “လူငယ်နှင့်ကျန်းမာရေး ခေါင်းစဉ်တို့ဖြင့် အသီးသီးဆွေးနွေးခဲ့ကြသည်။

ယင်းနောက် တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများမှ ဆွေးနွေးပြောကြားချက် များအပေါ် မိမိတို့သိရှိလိုသည်များကို မေးမြန်းခဲ့ကြရာ ဆွေးနွေးသူများမှ ပြန်လည်ရှင်းလင်း ဆွေးနွေး ဖြေကြားသည်။ ထို့နောက် ဆွေးနွေးပွဲတွင်ပါဝင်ကြသည့် ကျောင်းသား၊ ကျောင်းသူများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှူးက အမှတ်တရလက်ဆောင် ပစ္စည်းများ ပေးအပ်ချီးမြှင့်ခဲ့သည်။ ဆက်လက်၍ ကျောင်းသား၊ ကျောင်းသူများသည် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် စာအုပ်ပြပွဲနှင့် မူးယစ်ဆေးဝါး အသိပညာပေး နံရံကပ်စာစောင်များအား စိတ်ပါဝင်စားစွာဖြင့် လေ့လာကြည့်ရှုခဲ့ကြောင်း သိရှိရသည်။

တင်ထွန်းဦး၊ ဖြိုးဝေလင်း (ပြန်/ဆက်)