ကျောက်တော် ဩဂုတ် ၁၁
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့၌ ရေလမ်းကြောင်းခရီးသွားပြည်သူများအား (Life Jackets) အသက်ကယ် ဝတ်စုံများ စနစ်တကျဝတ်ဆင်တတ်စေရေး အသိပညာပေးကို ယနေ့နံနက် ၉ နာရီက ကျောက်တော်မြို့ ကုလားတန်မြစ် ကူးတို့ဆိပ်၌ ပြုလုပ်ခဲ့ကြကြောင်းသိရသည်။
ထို့သို့ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးမှူးရုံးမှ မြို့နယ်မီးသတ်ဦးစီးမှူး ဦးဌေးမင်းနိုင် ဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင်များက ကျောက်တော်မြို့နယ်နှင့် အခြားသောကျေးရွာများအတွင်း ကုန်စည်ပို့ဆောင်လျက်ရှိသည့် ခရီးသည်တင်ရေယာဉ်လိုင်းများ၊ ရေလမ်းခရီးသွားပြည်သူများ၊ ရေကြောင်းပြေးဆွဲပေးနေသော စက်လှေသမားများ၊ ကုန်တင်ကုန်ချပြုလုပ်ပေးနေသော အလုပ်သမားများအား မိုးကြိုကာလသို့ ရောက်ရှိလာပြီဖြစ်ရာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြစ်ရေကြီးခြင်း၊ တောင်ကျချောင်းရေများ အရှိန်ပြင်းစွာစီးဆင်းခြင်း၊ လေပြင်းတိုက်ခတ်ခြင်း၊ မုန်တိုင်းဝင်ရောက်ခြင်းစသည့်တို့ ဖြစ်ပွားလာနိုင်ပြီး ရေလမ်းကြောင်း ခရီးသွားပြည်သူများ အနေဖြင့် ရေယာဉ်အချင်းချင်းတိုက်မှုများ၊ ရေယာဉ်မတော်တဆတိမ်းမှောက်မှုများ ဖြစ်ပေါ်လာနိုင်လာသဖြင့် မြို့နယ်အတွင်းရှိ မြစ်ချောင်းများ၊ ကမ်းပါးများအနီးတွင် နေထိုင်ကြသော ပြည်သူများအနေဖြင့် မြစ်၊ ချောင်းများတွင် သွားလာနေသောရေယာဉ်ပိုင်ရှင်များအနေဖြင့် ခရီးသွားပြည်သူများအတွက် အသက်ကယ်ဝတ်စုံ (Life Jackets) ထားရှိရေး၊ ခရီးသွားလုပ်သားပြည်သူများအနေဖြင့်လည်း (Life Jackets) အသက်ကယ်ဝတ်စုံများအား စနစ်တကျ ဝတ်ဆင်တတ်စေရေး၊ လက်တွေ့သရုပ်ပြဝတ်ဆင်မှုများအား အသိပညာပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ခင်မောင်ထွန်း