မြောက်ဦး ဩဂုတ် ၁၁
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့တွင် ရေလမ်းခရီးသွားပြည်သူများ အသက်အန္တရာယ်ကင်းဝေးစေရန် အသက်ကယ်အင်္ကျီ (Life Jacket) စနစ်တကျ ဝတ်ဆင်တတ်စေရေး အသိပညာပေးကို ယနေ့နံနက် (၁၀) နာရီက မြောက်ဦးမြို့ မော်တော်ဆိပ်တွင် ပြုလုပ်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြောက်ဦးမြို့နယ် မီးသတ်ဦးစီးဌာနမှ ဒုတိယမီးသတ်ဦးစီးမှူး ဦးစန်းလွင်နှင့် မီးသတ်တပ်ဖွဲ့ဝင်များက ရေယာဉ်တာဝန်ရှိသူများနှင့် ရေလမ်းခရီးသွားပြည်သူများအား မိုးရာသီကာလ၌ မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုဖြစ်ခြင်း၊ မြစ်ရေကြီးခြင်း၊ တောင်ကျချောင်းရေများ အရှိန်ပြင်းစွာ စီးဆင်းခြင်းနှင့် လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ်တတ်ကြောင်း၊ အဆိုပါ သဘာဝဘေးအန္တရာယ်များကြောင့် ရေယာဉ်ထိခိုက်မှုများ ဖြစ်ပေါ်နိုင်ကြောင်းနှင့် ရေလမ်းခရီးသွားပြည်သူများအနေဖြင့် ခရီးသွားလာရာတွင် လုံခြုံစိတ်ချမှုရှိစေရန်အတွက် အသက်ကယ်အင်္ကျီများ ဝတ်ဆင်ပြီးမှသာ ခရီးသွားလာသင့်ကြောင်း အသိပညာပေး စည်းရုံးဟောပြောခဲ့ပြီး အသက်ကယ်အင်္ကျီ ဝတ်ဆင်နည်းကို လက်တွေ့သရုပ်ပြဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဖြိုးမောင်မောင် (မြောက်ဦး)