ဓမ္မရာဇကစေတီတော်မြတ်ကြီး ကြေးဂူတိုက် (၄)ခုအတွင်းရှိ ထိုင်တော်မူဆင်းတုတော်(၄)ဆူ ရွှေသင်္ကန်းကပ်လှူပူဇော်မည်၊ ရွှေဆိုင်းတစ်ဆိုင်းလျှင် ၁၄၅,၀၀၀ ကျပ်နှုန်းဖြင့် လှူဒါန်းနိုင်

ညောင်ဦး  ဩဂုတ်  ၁၁

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံမြို့ ဓမ္မရာဇကစေတီတော်မြတ်ကြီး ကြေးဂူတိုက်(၄)ခုအတွင်းရှိ ထိုင်တော်မူဆင်းတုတော်(၄)ဆူကို ရွှေသင်္ကန်းကပ်လှူပူဇော် နိုင်ရေး ညောင်ဦးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနန်းတင့်နှင့်စီမံအဖွဲ့ဝင်များ ယနေ့နံနက် ၉ နာရီခွဲအချိန်က ကွင်းဆင်းကြည့်ရှုဦးခိုက်ပူဇော်ခဲ့ကြောင်းသိရသည်။

ညောင်ဦးမြို့နယ် ပုဂံမြို့ ဓမ္မရာဇကစေတီတော်မြတ်ကြီး ကြေးဂူတိုက်(၄)ခု အတွင်းရှိ ထိုင်တော်မူ ဗုဒ္ဓရုပ်ပွားတော်(၄)ဆူအား ရွှေသင်္ကန်းကပ်လှူပူဇော်နိုင်ရေး ကွင်းဆင်းကြည့်ရှုစစ်ဆေးရာ ဓမ္မရာဇကစေတီတော်မြတ်ကြီး ဂေါပကဥက္ကဋ္ဌ ဦးကြိုင်မှ ထိုင်တော်မူ ဗုဒ္ဓဆင်းတုတော်(၄)ဆူအား ရွှေသင်္ကန်းကပ်လှူနိုင်ရေး သစ်စေးသုတ်နေမှုအခြေအနေများနှင့်ကပ်လှူမည့် ထိုင်တော်မူဆင်းတော်များအားလိုက်လံပြသပြီး ကပ်လှူမည့်အခြေအနေများအားရှင်းပြသည်။

ဓမ္မရာဇဘုရားကြီးကို ခရစ်နှစ် ၁၁၉၆ ခုနှစ်တွင် နရပတိစည်သူမင်းကြီးတည်ထားခဲ့ပြီး ငါးမျက်နှာအညီအမျှ တည်ဆောက်ထားသည့် ပစ္စယာသုံးဆင့်အပေါ်တွင် ရှစ်ထောင် ကြေးဝန်းခံထားသည့် စေတီတော်တစ်ဖြစ်ကာ ပထမပစ္စယာမှစ၍ လက်ယာရစ်လှည့်ပြီး ပစ္စယာအဆင့်ဆင့်တို့တွင် ဇာတ်တော်ပေါင်း(၅၅၀)နှင့်ဘုရားဖြစ်တော်စဉ် စဉ့်ကွင်းပုံများ ဖြင့်တန်ဆာဆင်ထားကြောင်း၊ ဘုရားတည်ဆောက်ပုံမှာ အခြေခံအားဖြင့် ရွှေစည်းခုံဘု ရားနှင့်စဉ်တူပြီး တန်ဆာဆင်မွမ်းမံပုံနှင့် အာရုံခံမုခ်ငါးမျက်နှာရှိ ကြေးဂူတိုက်ငါးခုတွင် ဘဒ္ဒကမ္ဘာ၌ ပွင့်တော်မူပြီးသော ဘုရားငါးဆူကိုရည်မှန်း၍ ကြေးဆင်းတုငါးဆူကို တည်ထားခဲ့ကြောင်း အရှေ့ဘက်အာရုံခံမုခ်အတွင်းတွင်  ပုဂံခေတ်ရေးထိုးသည့် ကျောက် စာတစ်ချပ်နှင့်အင်းဝခေတ်နံရံမင်စာတို့ကိုတွေ့ရှိနိုင်မည်ဖြစ်ကာ ထိုင်တော်မူဗုဒ္ဓဆင်းတုတော်များ ရွှေသင်္ကန်းကပ်လှူနိုင်ရေး ရွှေဆိုင်းတစ်ဆိုင်းလျှင် ၁၄၅၀၀၀ ကျပ်နှုန်းဖြင့် မည်သူမဆိုလှူဒါန်းနိုင်ကြောင်းသိရသည်။

ဒီပါလင်း