ပြင်ဦးလွင် ဩဂုတ် ၁၁
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် Women Club အဖွဲ့နှင့်ပူးပေါင်း၍ ဩဂုတ်လ ၉ ရက်နေ့၊ မွန်းလွဲ ၁၄ နာရီက ကလေးသူငယ်အခွင့်အရေးဆိုင်ရာနှင့် အမျိုးသမီးများအကြမ်းဖက်ခံရမှု ကာကွယ်ရေးဆိုင်ရာ အသိပညာပေး Talk Show များ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေး Talk Show တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ယမင်းလှိုင်က အသိပညာပေး Talk Show ကျင်းပရခြင်း ရည်ရွယ်များအား ရှင်းလင်းပြောကြားပြီး Women Club ဥက္ကဋ္ဌ ဒေါ်ကြူကြူက အမျိုးသမီးများ အကြမ်းဖက်ခံရမှု ကာကွယ်ရေးဆိုင်ရာအကြောင်းအရာများ၊ အကြမ်းဖက်မှုအမျိုးအစားများ၊ အကြမ်းဖက် ခံရသူများအား စိတ်ပိုင်းဆိုင်ရာ နှစ်သိမ့်ဆွေးနွေးရာတွင် လိုက်နာသင့်သည့် စည်းမျဉ်းများ၊ ဥပဒေအရ ကာကွယ်ပေးထားသည့် ပုဒ်မများအား လည်းကောင်း၊ ဒုတိယဥက္ကဋ္ဌ ဒေါ်သီတာက ကလေးသူငယ်အခွင့်အရေးဆိုင်ရာများ၊ ကလေးအလုပ်သမားပပျောက်ရေးနှင့် ကလေးသူငယ် များ၏ ဘဝလုံခြုံစိတ်ချရေး၊ ကျောင်းနေရွယ်ကလေးများ ကျောင်းသို့ရောက်ရှိရေး များအား အသိပညာပေး ဆွေးနွေးခဲ့သည်။
ပြင်ဦးလွင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် လူတစ်ဦးချင်းအတွက်ဖြစ်စေ၊ အစုအဖွဲ့အတွက်ဖြစ်စေ အားလပ်ချိန်နှင့် အပန်းဖြေမှုအပါအဝင် ပုဂ္ဂိုလ်ရေးဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုအတွက် ပညာရေးနှင့် သတင်းအချက်အလက်ဆိုင်ရာလိုအပ်ချက်များကို အထောက်အကူပေးနိုင်ရန် ရည်ရွယ်၍ ဝါသနာတူအစုအဖွဲ့များ ဖြစ်သည့် Book Club ၊ Youth Club ၊ Women Club များ ဖွဲ့စည်းကာ အများပြည်သူအကျိုးအတွက် ဆွေးနွေးတိုင်ပင်ရာနေရာအဖြစ်သော်လည်းကောင်း၊ စာဖတ်ဝိုင်းများ၊ ဆွေးနွေးပွဲများ ၊ ဟောပြောပွဲများ ၊ Talk Show များ လစဉ်ပုံမှန် ကျင်းပဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဖြူလူသစ် (ခရိုင် ပြန်/ဆက်)