ဆွမ်ပရာဘွမ် ဩဂုတ် ၁၁
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့တွင် လူကုန်ကူးမှုဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၉ နာရီခွဲက အခြေခံပညာအထက်တန်း (မြို့မ)ကျောင်း၌ ကျင်းပခဲ့သည်။
ဦးစွာ အခြေခံပညာအထက်တန်း(မြို့မ)ကျောင်းအုပ်ကြီး ဦးခိုင်မင်းအောင်က ဟောပြောပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်နှင့် အဖွင့်အမှာစကား ပြောကြားသည်။
ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ခင်မျိုးမြင့်က လူကုန်ကူးမှုဆိုင်ရာအကြောင်းအရာများ၊ လူကုန်ကူးမှုခံရသူအများစုသည် အမျိုးသမီးများနှင့် ကလေးသူငယ်များဖြစ်ကြောင်း၊ မယုံကြည်သင့်သည့်သူကို မစူးစမ်းမဆင်ခြင်ဘဲ တွေ့သမျှလူ၊ ပြောသမျှကို ယုံကြည်ပြီး အထင်ကြီးအားကိုးမိသည့်အတွက် ဒုက္ခရောက်ရကြောင်း စသည့် လူကုန်ကူးမှုဆိုင်ရာဖြစ်ပေါ်တတ်သည့် အကြောင်းရင်းများကို အကျယ်တဝင့် အသိပညာပေးဟောပြောဆွေးနွေးခဲ့သည်။
ဆက်လက်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူများအား စာအုပ်စာပေနှင့် ရင်းနှီးစေရန်နှင့် အသိပညာဗဟုသုတအဆက် မပြတ်လေ့လာနိုင်ရန်ရည်ရွယ်လျက် စာအုပ်/စာစောင်များ ခင်းကျင်းပြသရာ စိတ်ပါဝင်စားစွာ ဖတ်ရှုလေ့လာကြကြောင်း သိရသည်။
ဧပရယ်မိုး(ဆွမ်ပရာဘွမ်)