ကျောက်တလုံးကြီး အောက်တိုဘာ ၁၄
ရှမ်းပြည်နယ်(တောင်ပိုင်း) ၊ ကျောက်တလုံးကြီးမြို့ တိုက်နယ်ပြည်သူ့ဆေးရုံ၌ ကိုဗစ်-၁၉ ကာကွယ် ကုသရေး ပစ္စည်းများကို ယနေ့နံနက် ၁၁ နာရီခွဲခန့်တွင် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်လင်းအောင်က အဆိုပါဆေးရုံသို့ လှူဒါန်းပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ကိုဗစ်-၁၉ ကာကွယ်ကုသရေး အထောက်အကူပြုပစ္စည်းများ ထောက်ပံ့လှူဒါန်းပွဲတွင် အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်လင်းအောင်မှ ကိုဗစ် -၁၉ ရောဂါသည် ကျွန်တော်တို့နိုင်ငံအတွက်၊ တိုင်းရင်းသားပြည်သူတစ်ရပ်လုံးအတွက် အမျိုးသား အန္တရာယ် ဖြစ်ပါကြောင်း၊ တပ်မတော်မှ အမျိုးသား အန္တရာယ်အဖြစ်ခံယူလျက် တတ်နိုင်သည့်ဘက်မှနေ၍ ပြည်သူများကို ကာကွယ်စောင့်ရှောက် ပေးလျက်ရှိကြောင်း၊ ပြည်သူများအနေဖြင့်လည်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်သော အမိန့်၊ ညွန်ကြားချက်များ ကို လိုက်နာဆောင်ရွက်ကြရန် ပြောကြားခဲ့သည်။
ထို့နောက် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်လင်းအောင်မှ ကိုဗစ်-၁၉ ကုသရေး အထောက် အကူပြုပစ္စည်းများ ပေးအပ် လှူဒါန်းရာတွင် Hand Gel 500 ml (လက်သန့်ဆေးရည်) ၈၀ ဘူး၊ PPE ဝတ်စုံ( ၁၈) စုံ ၊ နှာခေါင်းစည်း(Mask)(၅၀၀၀)ခုတို့ကို ကျောက်တလုံးကြီးမြို့ တိုက်နယ်ပြည်သူ့ ဆေးရုံ တာဝန်ခံဒေါက်တာဒေါ်ကြည်ကြည်ဟန်နှင့် မြို့မိမြို့ဖ ဦးခွန်ညွန့်မောင်တို့က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာကို ဒေါက်တာကြည်ကြည်ဟန်က ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါ ပေးအပ်လှူဒါန်းပွဲသို့ ကျောက်တလုံးကြီးမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့အုပ်ချုပ်ရေးမှူး ဦးစောချမ်း၊ ကျောက်တလုံး နယ်မြေစခန်းမှူး ဦးအောင်ကျော်ဌေး မြို့မိမြို့ဖများနှင့် ကျန်းမာရေးဝန်ထမ်း များ တက်ရောက်ခဲ့ကြောင်းသိရသည်။
မြဝင်း (ပြန်/ဆက်)