မန္တလေး ဩဂုတ် ၁၁
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာတော်ထွန်းကား ပြန့်ပွားရေးဦးစီးဌာန နိုင်ငံတော်ပရိယတ္တိ သာသနာ့တက္ကသိုလ်(မန္တလေး)ရှိ မဟာဘွဲ့နှင်းသဘင်ခန်းမ၌ ၁၃၈၄-၈၅ (၂၀၂၂-၂၃)ခု ပညာသင်နှစ်အတွက် တက္ကသိုလ်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ စာတမ်းဖတ်ပွဲ အခမ်းအနားကို ၁၃၈၅ ခုနှစ် ဒုတိယဝါဆိုလပြည့်ကျော် (၇) ရက် ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၈ ရက် (အင်္ဂါနေ့) နံနက် ၇ နာရီခွဲမှစ၍ ကျင်းပပြုလုပ်ခဲ့ရာ ပါမောက္ခချုပ်ဆရာတော် အမှူးပြုသည့် ပါမောက္ခ/ဌာနမှူး ဆရာတော်များ၊ သင်တန်းသားသံဃာတော်များကြွရောက်၍ ပြင်ပပညာရှင် ဆရာကြီးများ၊ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(မန္တလေး)မှ တာဝန်ရှိသူများ၊ အလှူရှင်မိသားစုများ၊ ဖိတ်ကြားထားသောဧည့်သည်တော်များ တက်ရောက်ကြည်ညိုကြသည်။
စာတမ်းဖတ်ပွဲအခမ်းအနားတွင် အဘိဓမ္မပိဋကမဟာဌာနမှ လ/ထ ကထိက ဘဒ္ဒန္တနာဂသေန က ဘာဝရုပ်နှစ်ပါးကို လေ့လာခြင်း စာတမ်းခေါင်းစဉ်ကိုလည်းကောင်း၊ ဗုဒ္ဓဒေသနာပြန့်ပွားရေး ပညာဌာနမှ နည်းပြ ဘဒ္ဒန္တဝံသပါလ က ပထမအင်းဝခေတ်တွင် ထင်ပေါ်ကျော်ကြားခဲ့သော ဂါမဝါသီအနွယ်ဝင် သံဃရာဇာအရှင်မြတ်များ စာတမ်းခေါင်းစဉ်ကို လည်းကောင်း၊ သုတ္တန္တပိဋကမဟာဌာနမှ တွဲဖက်ပါမောက္ခ ဘဒ္ဒန္တကောသိယာဝုဓ က သုတ္တန်ဒေသနာများကို ဆင့်ပွားတွေးမြင်ဆွေးနွေးလေ့လာနည်းဖြင့် ပို့ချသင်ကြားခြင်း စာတမ်းခေါင်းစဉ်ကို လည်းကောင်း၊ ပိဋကတ်ဆိုင်ရာပါဠိစာပေဌာနမှ လ/ထ ကထိက ဘဒ္ဒန္တနာရဒါလင်္ကာရ က သဗ္ဗညုဗုဒ္ဓပစ္စေက ဗုဒ္ဓသံယုတ္တကထာ စာတမ်းခေါင်းစဉ်ကိုလည်းကောင်း၊ ဝိနယပိဋက မဟာဌာနမှ နည်းပြ ဘဒ္ဒန္တဥတ္တမ က ပထမပါရာဇိက သိက္ခာပုဒ်ပညတ်ချိန်ကို လေ့လာခြင်း စာတမ်းခေါင်းစဉ်ကို လည်းကောင်း၊ ပိဋကတ်ဆိုင်ရာမြန်မာစာပေဌာန မှ မဟာကျမ်းပြု အရှင်သုဇန က ညောင်ရမ်းကြီးသမီးကျောက်စာလာ မိသားစုဝေါဟာရကို လေ့လာခြင်း စာတမ်းခေါင်းစဉ်ကိုလည်းကောင်း၊ ပိဋကတ်ဆိုင်ရာအင်္ဂလိပ်စာပေဌာန မှ ကထိက ဘဒ္ဒန္တကေသရ က Proposed Outline for Integration of General Proficiency Skills in English within the current B.A. (Buddhism) and MA(Buddhism) Curriculum စာတမ်းခေါင်းစဉ်ကို လည်းကောင်း စုစုပေါင်း စာတမ်းရှင်ဆရာတော်(၇)ပါးတို့က ဖတ်ကြားဆွေးနွေးကြပြီး မွန်းလွဲပိုင်းတွင် စာတမ်းဖတ်ပွဲ အခမ်းအနား ပြီးဆုံးခဲ့ကြောင်းသတင်းရရှိသည်။
အောင်မြေသာစံ(ပြန်/ဆက်)