မိုင်းဖြတ် အောက်တိုဘာ ၁၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ၂၀၂၀ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မြို့နယ်ရွေးကောက်ပွဲဆိုင်ရာ လုံခြုံရေး စီမံခန့်ခွဲမှု ကော်မတီအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီအချိန်ခန့် က မြို့နယ်အုပ်ချုပ်ရေးမှူးရုံးခန်း၌ ကျင်းပပြုလုပ်ခဲ့ သည်။
ရှေးဦးစွာ မြို့နယ်ရွေးကောက်ပွဲဆိုင်ရာ လုံခြုံရေးစီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင် က ၂၀၂၀ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လုံခြုံရေးဆိုင်ရာ လုပ်ငန်းများ အထူးအလေးထား ဆောင်ရွက်ရေး၊ မြို့နယ်အတွင်း တည်ဆောက်မည့် မဲရုံများကို ရွေးကောက်ပွဲမကျင်းပမီ တစ်ပတ်အလို ကြိုတင်ဆောက်လုပ်နိုင်ရေး၊ ဆောက်လုပ်ပြီးစီးသည့် မဲရုံများ၏ မြေပြင်အခြေအနေများကို တာဝန်ရှိသူများနှင့်ကွင်းဆင်းစစ်ဆေးရေး၊ မဲရုံမှူး၊ ဒုမဲရုံမှူးများကို သင်တန်းပေးရာတွင် လုပ်ထုံးလုပ်နည်းများနှင့်အညီ အလေးထားဆောင်ရွက်စေရေးနှင့် ရွေးကောက်ပွဲ ကျင်းပနေစဉ်၊ မဲရုံနှင့်မဲရုံပတ်ဝန်းကျင်တို့တွင် မီးလန့်မှု၊ မီးလောင်မှုများ မဖြစ်ပေါ်စေရေး စသည့်အချက်များကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ရွေးကောက်ပွဲဆိုင်ရာ လုံခြုံရေးစီမံခန့်ခွဲမှုကော်မတီ အတွင်းရေးမှူး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး အောင်မျိုး က ရွေးကောက်ပွဲကျင်းပရာတွင် မဲဆန္ဒနယ်မြေ အမှတ်(၁)နှင့် အမှတ်(၂)အတွင်းရှိ မဲရုံပေါင်း ၃၉ ရုံ၌ အထူးရဲများတာဝန်ချထားမှု အခြေအနေများ၊ လုံခြုံရေးဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်သွားမည့် အခြေအနေများကို ရှင်းလင်းဆွေးနွေးပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးမှ အတွင်းရေးမှူး ဦးအောင်မြတ်မိုး က ရွေးကောက်ပွဲလုပ်ငန်းများ အဆင့်ဆင့် ဆောင်ရွက်ထားရှိမှုနှင့် ဆက်လက်ဆောင်ရွက်သွား မည့် လုပ်ငန်းများကို ရှင်းလင်းဆွေးနွေးခဲ့သည်။ ယင်းနောက် ကော်မတီဝင်များက ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်ရမည့်လုပ်ငန်းများ၊ လိုအပ်ချက်များကို ဆွေးနွေး ခဲ့ကြောင်း သိရသည်။
သန်းထွန်းအေး(ပြန်/ဆက်)