ပုံပါကျင် သြဂုတ် ၁၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်၊ ပုံပါကျင်မြို့၌ သွေးလွန်တုပ်ကွေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် စာဖတ်ခြင်းအကျိုးကျေးဇူးအသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် (၁၀)နာရီက အ.မ.က(ဟွေအော)ကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်အိအိဖြိုးက သွေးလွန်တုပ်ကွေးရောဂါသည် ကလေးများတွင် အဖြစ်များပြီး ရောဂါပြင်းထန်ပါက အသက်ဆုံးရှုံးမှုကိုပါ ဖြစ်စေနိုင်သဖြင့် ကလေးများ ဖျားပြီဆိုလျှင် သွေးလွန်တုပ်ကွေးရောဂါကို သတိလက်လွတ်မဖြစ်စေရန် သတိထားသင့်ကြောင်း၊ ကလေးငယ်များ ငွေ့ငွေ့ဖျားခြင်းမဟုတ်ဘဲ အဖျားကြီးပြီး သုံးရက်ဆက်တိုက် ဖျားခြင်းဖြစ်ပေါ်ပါက နီးစပ်ရာဆေးရုံ ဆေးခန်းသို့ ပြသင့်ကြောင်း၊ ယခုအခါတွင် အသက်အရွယ် ကျား/မ မရွေး တောရောမြို့ပါမကျန် နေရာမရွေး ဖြစ်ပွားလေ့ရှိကြောင်း၊ ယခုကဲ့သို့ မိုးရာသီတွင် အဖြစ်အများဆုံးဖြစ်တတ်သောကြောင့် အထူးသတိထားရန်လိုအပ်ပြီး မပေါ့ဆသင့်သော ရောဂါဖြစ်ကြောင်းနှင့် ပြည်သူများအနေဖြင့် အသိပညာဗဟုသုတတိုးပွားရရှိစေရန်၊ စာဖတ်သည့် အလေ့အထဖြစ်ပေါ်စေရန်၊ အမှား၊ အမှန်ဝေဖန်ပိုင်းခြားတတ်စေရန် အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။
ထို့နောက် တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် စာအုပ်စာစောင်များ၊ ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေးနံရံကပ်စာစောင်များနှင့် သက်ငယ်မုဒိမ်းကင်းစင်ရေး အသိပညာပေးနံရံကပ်စာစောင်များအကြောင်းကို စိတ်ပါဝင်စားစွာ ဖတ်ရှုလေ့လာကြည့်ရှု့ခဲ့ကြောင်း သိရသည်။
အိအိဖြိုး(ပြန်/ဆက်)