ကျိုင်းတုံ ဩဂုတ် ၁၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနနှင့် ရုရှားဘာသာစကားနှင့် ဆက်ဆံရေးတိုးတက်ကောင်းမွန်စေရေး တြိဂံဒေသတိုင်းစစ်ဌာနချုပ် နယ်မြေကော်မတီတို့၏ ပူးပေါင်းစီစဉ်မှုဖြင့် ဖွင့်လှစ်သည့် ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာ ရုရှားဘာသာစကား(အခြေခံ)သင်တန်းဖွင့်ပွဲကို ယမန်နေ့ နံနက် ၈ နာရီခွဲက Amazing Keng Tong Resort တွင် ကျင်းပသည်။
ဦးစွာ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ စီးပွားရေးဝန်ကြီး ဦးခွန်သိန်းမောင်က သင်တန်းဖွင့်အမှာစကားပြောကြာပြီး ရုရှားဘာသာစကားနှင့် ဆက်ဆံရေးတိုးတက် ကောင်းမွန်စေရေး တြိဂံဒေသတိုင်းစစ်ဌာနချုပ်နယ်မြေကော်မတီဥက္ကဋ္ဌ ဗိုလ်မှူးချုပ် တင်အောင်ဆွေက ရုရှားခရီးသွားများ လာရောက်သည့်အခါ ကောင်းမွန်သည့် ဝန်ဆောင်မှုများပေးနိုင်ရေး၊ ရုရှားဘာသာစကားအခြေခံနှင့် ဗဟုသုတများကို ဟိုတယ်ဆိုင်ရာဝန်ဆောင်မှုတွင် လက်တွေ့အသုံးချနိုင်ရုံသာမက၊ ဘာသာစကားတစ်ခုကို ကျွမ်းကျင်အရည်အသွေးများရှိသည်အထိ တတ်မြောက်အောင် သင်တန်းသား၊ သင်တန်းသူများအနေဖြင့် ဆက်လက်ဆည်းပူး လေ့လာစေလိုကြောင်း ပြောကြားသည်။
အဆိုပါသင်တန်းသို့ သင်တန်းသား၊ သင်တန်းသူ ၃၃ ဦး တက်ရောက်ပြီး ရုရှားအက္ခရာ၊ သဒ္ဒါ၊ ကိန်းဂဏန်း၊ ငွေကြေးဆိုင်ရာ၊ ရုရှားလူမျိုးများ၏ အလေ့အကျင့်နှင့် အကျင့်စရိုက်များစသည့် ရုရှားဘာသာစကားများကို သင်တန်းကာလ (၁)လကြာ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)