မိုင်းပန် ဩဂုတ် ၁၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်တွင် မိုးစပါးပန်းတိုင်အထွက်နှုန်း ရရှိစေရေးအတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ (ပထမအကြိမ်) ထောက်ပံ့သည့် ဓာတ်မြေဩဇာ ပေးအပ်ပွဲ အခမ်းအနားကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ရုံးဝင်းအတွင်း၌ ယနေ့နံနက် ၉ နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဟန်ဇော်မြင့်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးကျော်မိုးက မိုးစပါး ပန်းတိုင်ထွက်ဧက (၁)ဧကအတွက် တင်း(၁၀၀)နှင့်အထက်ထွက်ရှိစေရေးအတွက် ဓာတ်မြေဩဇာများ ထောက်ပံ့ပေးအပ်ရခြင်းဖြစ်ကြောင်းနှင့် စပါးသက်တမ်းအလိုက် ထည့်သွင်းရမည့် လုပ်ငန်းများနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့သည်။
မိုင်းပန်မြို့နယ်တွင် မိုးစပါးစိုက်ပျိုးဧကပေါင်း (၆၄၂၀)ဧကရှိပြီး မိုးစပါး ပန်းတိုင်စိုက် ဧက (၁၄၀၀)ဧကရှိရာ မိုးစပါးပန်းတိုင်စိုက် တောင်သူစုစုပေါင်း(၆၀)ဦးအတွက် ဓာတ်မြေဩဇာ စုစုပေါင်း (၁၅၀) အိတ်ကို (အခမဲ့)ထောက်ပံ့ပေးအပ်ခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးထံမှ သိရသည်။
နော်မှိုင်း(ပြန်/ဆက်)