အသက်(၅)နှစ်မှ(၁၅)နှစ်အထိ ကာကွယ်ဆေး မထိုးနှံရသေးသူများအားဆေး ထိုးနှံပေး

ကော့မှူး ဩဂုတ် ၁၁

ရန်ကုတ်တိုင်းဒေသကြီး တွံတေးခရိုင် ကော့မှူးမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်းများ၌ကလေးဘဝအရွယ်မှစ၍ ကာကွယ်ဆေး လုံးဝမထိုးရသေးသော ကိုရင်များ၊ သီလရှင်ဆရာကလေးများ၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများမှ ကျောင်းသားများကို ယမန်နေ့မွန်းလွဲပိုင်းက ကျေးလက်ကျန်းမာရေးဌာနဝန်ထမ်းများက ကျောင်းတိုက်များအရောက် လိုက်လံထိုးနှံပေးနေကြောင်း သိရသည်။

ထိုသို့ ထိုးနှံပေးရာတွင် ဆုံဆိုနာရောဂါ၊ မေးခိုင်ရောဂါ၊ ဝက်သက်နှင့်ဂျိုက်သိုးရောဂါ၊ ဂျပန်ဦးနှောက်ရောင်ရောဂါစသည့် ကာကွယ်ဆေးများအား ဝါးဘလောက်သောက်ကျေးရွာ မူလရွာလယ်ဘုန်းတော်ကြီးကျောင်း၊ ငှက်အော်စမ်းကျေးရွာ လူငယ်သင်တန်းကျောင်း၊ မကျီးကန်ကျေးရွာ သီတဂူအောင်မြေချမ်းသာကျောင်းတိုက်၊ ဆပုဂံကျေးရွာအရိမဒ္ဒနာမကျောင်းတိုက်၊ ဆင်ခြံကျေးရွာ အောင်ဇမ္ဗူကျောင်းတိုက်၊ ညောင်းကုန်းကျေးရွာ ဘုန်းတော်ကြီးကျောင်းနှင့် မြို့မရပ်ကွက် ပညာသိင်္ဂီသီလရှင်ကျောင်းများ၌ ကျန်းမာရေးဝန်ထမ်းများက ထိုးနှံပေးရာ အမျိုးသမီးရေးရာ အဖွဲ့ဝင်များ၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းဝင်များက ဝိုင်းဝန်းကူညီဆောင်ရွက်ပေးနေကြကြောင်း သိရသည်။

ကျော်သူရ (ပြန်/ဆက်)