သန်လျင်မြို့နယ်တွင် ကိုဗစ်- ၁၉ ကာလ သီလရှင်စာသင်ကျောင်းများသို့ အလှူရှင်များက ဆန် ၊ ဆီနှင့် စားသောက်ကုန်များ လှူဒါန်း

သန်လျင် အောက်တိုဘာ ၁၄

ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ်အတွင်း ကိုဗစ် - ၁၉ ကာလ သီလရှင်စာသင်ကျောင်းများသို့ အလှူရှင်များက စုပေါင်းကာ ဆန်၊ ဆီများနှင့် စားသောက်ကုန်ပစ္စည်းများအား ယမန်နေ့ နံနက်ပိုင်းက ကျောင်းတိုက်များသို့ သွားရောက် လှူဒါန်းခဲ့ကြောင်း သိရသည်။

ထိုသို့လှူဒါန်းရာတွင် သန်လျင်မြို့နယ် အမှတ် (၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးနေလင်းအောင်နှင့် အလှူရှင်များ ပူးပေါင်းကူညီမှုဖြင့် (Syriam Brothers Group Covid-19 ကူညီဆောင်ရွက်ရေးပရဟိတအဖွဲ့) မှ သန်လျင်မြို့အတွင်းရှိ အမှန်တကယ်လိုအပ်သော သီလရှင်စာသင်ကျောင်း (၃)ကျောင်းအား ၁ ကျောင်းလျှင် ဆန်(၂၄)ပြည်ပါ (၂) အိတ်၊ ဆီ (၁၀)ပိသာပါ တစ်ပုံး၊ ကြက်သွန်နီ (၁)ပိသာ၊ ပဲစင်းငုံ (၁)ပိသာ၊ ပုဇွန်ခြောက်၊ ငရုတ်သီးကြော်၊ (၁)ဘူး၊ သရက်သီး​သနပ် (၁)ဘူး၊ ငါးသေတ္တာ (၁၀)ဘူး၊ ဆား ၁ အိတ်တို့အား  သွားရောက်ကာ သက်ဆိုင်ရာ ကျောင်းတိုက် တာဝန်ရှိသူများထံ ပေးအပ်လှူဒါန်းခဲ့ကြောင်းနှင့် ဘုန်းတော်ကြီးများနှင့် သီလရှင်ကျောင်းသို့ ဆက်လက် လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။

သန်လျင်မြို့နယ်အတွင်း ကိုဗစ်- ၁၉ ကာလ ဘုန်းတော်ကြီးများနှင့် သီလရှင်ကျောင်းတိုက်များသို့ စေတနာရှင် အလှူရှင်များက တစ်ဦးချင်းသော်လည်းကောင်း၊ အသင်းအဖွဲ့များလိုက်သော်လည်းကောင်း အာရုဏ်ဆွမ်း၊ နေ့ဆွမ်းများနှင့် ဆန်၊ ဆီ၊ ဆား၊ ငရုပ်၊ ကြက်သွန်၊ ငါးသေတ္တာဘူးများနှင့် အခြေခံစားသောက်ကုန်များအား စုပေါင်းလှူဒါန်း ပေးလျက်ရှိကြောင်းနှင့် သန်လျင်မြို့နယ်အတွင်း လှူဒါန်းလိုကြသော အလှူရှင်များ အနေဖြင့် ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်းများသို့ တိုက်ရိုက်ဆက်သွယ် လှူဒါန်းနိုင်ပါကြောင်း သိရသည်။

သက်ခိုင် (သန်လျင်)