မိုးသည်းထန်စွာရွာသွန်းခဲ့သဖြင့် နမ့်ခမ်း-နမ့်ဖတ်ကာ ဗျူဟာလမ်းပေါ်သို့ မြေပြိုကျ၍ လမ်းပိတ်ဆို့မှုဖြစ်ပွား

နမ့်ခမ်း ဩဂုတ် ၁၁

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့နယ်၊ မန်အောင်ကျေးရွာအုပ်စု၊ မန်စပ် (ဇုံဇ) ကျေးရွာ၌ ယမန်နေ့က မိုးသည်းထန်စွာ ရွာသွန်းခဲ့သဖြင့် မော်တော်ကားလမ်းမပေါ်သို့ တောင်ပေါ်ကမ်းပါးယံမှ မြေများပြိုကျမှုဖြစ်ပွားခဲ့ရာ နမ့်ခမ်း-နမ့်ဖတ်ကာ ဗျူဟာလမ်းမကြီး ပိတ်ဆို့မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါမြေပြိုမှု ဖြစ်ပွားသည့်နေရာသည် နမ့်ခမ်းမြို့မှ (၇)မိုင်ခန့်အကွာ မန်စပ်(ဇုံဇ)ကျေးရွာ အနီးတွင် အလျားပေ ၄၀ ခန့်နှင့် အမြင့်ပေ ၇၀ ခန့် တောင်ကမ်းပါးယံပြိုကျလာသဖြင့် နမ့်ခမ်း-နမ့်ဖတ်ကာ ဗျူဟာကားလမ်းပိုင်းကို အသုံးပြု၍ သွားလာကြသည့် မော်တော်ယာဉ်များ သွားလာ၍ မရတော့ကြောင်းသိရသည်။ ထိုမြေပြိုကျသည့်လမ်းကို အမြန်ဆုံးအသုံးပြု သွားလာနိုင်ရန် ကျေးရွာသူ/ကျေးရွာသားများက ပြိုကျလာသည့် မြေသားများကို  လူအင်အားဖြင့် ဝိုင်းဝန်းဖယ်ရှား ဆောင်ရွက်ကြရန်ဖြစ်သော်လည်း လူအင်အားဖြင့်ဆောင်ရွက်ပါက ရက်သတ္တပတ်ခန့် ကြာနိုင်သဖြင့် မြေထိုးစက်(လိုဒါ)ဖြင့် ဆောင်ရွက်ပါက လျှင်မြန်စွာပြီးနိုင်ကြောင်း၊ ကျေးရွာအနီးအနားတွင်လည်း မြေထိုးစက်မရှိသဖြင့် နမ့်ခမ်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်လမ်းတံတားဦးစီးဌာနတို့ကို ဆက်သွယ်၍ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ထိုမြေပြိုကျမှုဖြစ်စဉ်ကြောင့် လူနှင့်တိရစ္ဆာန်များ၊ လူနေအဆောက်အဦများ ထိခိုက်ပျက်စီးမှုမရှိကြောင်းနှင့် မိုးကြီး၍ မြေပြိုကျမှုများသည်  တောင်ပေါ်ဒေသနေရာ တော်တော်များများ၌ ဖြစ်ပွားလျက်ရှိကြောင်း  ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအိုက်လှကျော်ထံက သိရသည်။

နမ့်ခမ်း(ပြန်/ဆက်)