မူဆယ်မြို့ ဟင်းသီးဟင်းရွက်ဈေးကွက်တွင် ရာသီပေါ်မှိုများ တစ်ပိဿာလျှင် မြန်မာငွေ (၃၅၀၀၀)ကျပ်အထိ ရောင်းချရ

မူဆယ် ဩဂုတ် ၁၁

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မြန်မာ-တရုတ်နယ်စပ်မြို့ဖြစ်သော မူဆယ်မြို့သည် တောင်ပေါ်ဒေသဖြစ်ပြီး ယခုကာလ ဝါဆို၊ ဝါခေါင်၊ တော်သလင်းလတို့အတွင်း နွေရာသီအကုန် (မိုးဦး)ကာလတွင် ရာသီပေါ်မျှစ်များနှင့် ဝါးပင်အခြေ၌ ပေါက်ရောက်သော ဝါးရုံမှိုများအပြင် တောင်ပေါ်ဒေသနှင့် မြေပြန့်အညာဒေသတို့တွင် ဒေသမရွေး ပေါက်တတ်သော ရာသီပေါ်မှို (ငှက်စွေမှို)များ ပေါက်ရောက်သည့် ရာသီချိန်ဖြစ်၍ မြို့မဈေးကြီးနှင့် ကချင်ဈေး၊ ညနေဈေးတို့တွင် လာရောက်ရောင်းချကြပြီး ဈေးကောင်းသော်လည်း ရောင်းအားကောင်းကြောင်း သိရသည်။

ရာသီပေါ်မှို (ငှက်စွေမှို)သည် မူဆယ်မြို့နယ်အတွင်းရှိ တောင်ပေါ်ကျေးရွာများနှင့် အနီးပတ်ဝန်း ကျင်ရှိမြို့ငယ်များမှ လာရောက်ရောင်းချပြီး တောင်ပေါ်ဓလေ့အရ ယခုရာသီသည် တောင်ပေါ်မြှစ်ချိုး၊ မှိုရှာရာသီဖြစ်၍ ဒေသခံပြည်သူများသည် ရာသီချိန်အတွင်း တနိုင်တပိုင် မိသားစုဝင်ငွေ ရရှိနိုင်ရန် ရာသီပေါ်မှိုများကို ရှာဖွေကာ မူဆယ်မြို့မဈေးကြီးနှင့် စယ်လန့်ဈေးတို့အပြင် ညနေဈေးများတွင် လာရောက်ရောင်းချလျက် မှိုရှာရောင်းချသူ ဒေသခံတိုင်းရင်းသားများအနေဖြင့် ရာသီချိန် လက်တလော မိသားစုစားဝတ်နေရေး အဆင် ပြေပြီး အပိုဝင်ငွေ တိုးလျက်ရှိပါသည်။ မူဆယ်မြို့၊ ညနေဈေးတွင် ရာသီပေါ်မှို (ငှက်စွေမှို)သည် တစ်ပိဿာလျှင် မြန်မာကျပ်ငွေ(၃၅၀၀၀)ကျပ်အထိရှိပြီး တစ်ကျင်လျှင် မြန်မာကျပ်ငွေ (၁၃၀၀၀)ကျပ် လက်ရှိရောင်းချလျက်ရှိကာ ရာသီပေါ်မျှစ်နှင့် အင်ဥများဖြင့် တွဲဖက်ရောင်းချလျက်ရှိပါသည်။ အဆိုပါ ရာသီပေါ်မှို(ငှက်စွေမှို)များသည် တခြားသော ပျိုးမှိုများထက် အရွယ်အစားနှင့် အရသာပါ ပိုမိုကောင်းမွန်သောကြောင့် ရာသီချိန်တွင် ပျိုးမှိုများထက် ပိုဈေးကောင်းသော်လည်း ဒေသခံပြည်သူများအနေဖြင့် ကာလရာသီချိန်အပိုင်းအခြားနှင့်သာ ဝယ်ယူစားသောက်ရသည့်အတွက် ဈေးကောင်းပေးဝယ်ကြပြီး ရောင်းအားကောင်းကြောင်း သိရသည်။

“မှိုတစ်ပိဿာကို မြန်မာငွေ(၃၅၀၀၀)ကျပ်‌ ရောင်းတယ်။ တစ်ကျင်ကို မြန်မာငွေ(၁၃၀၀၀)ကျပ်နဲ့ ရောင်းတယ်။တိုင်းရင်းသားတွေတင်မဟုတ်ဖူး တရုတ်တွေလည်း လာဝယ်ကျတယ် သူတို့ လာဝယ်ရင် (၂) ပိဿာအနည်းဆုံးဝယ်သွားကြတယ်။ မှိုက ကြာကြာလည်းထားလို့မရတော့ မှိုရှာ ထွက်အပြန် ညနေဈေးတွေမှာ တန်းလာရောင်းတယ်။ မှိုရာသီချိန်ဆိုတော့ အရမ်းရောင်းရတယ် ခဏနဲ့တန်းကုန်တယ်လို့” မူဆယ်မြို့၊ ညနေဈေးတွင် ပန်ဆိုင်း(ကြူကုတ်)မြို့မှ မှိုလာရောက်ရောင်းချသူ ဒေသခံတိုင်းရင်းသားတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

ခရိုင်(ပြန်/ဆက်)