စာဖတ်ရှိန်မြှင့်တင်ရေး အ.မ.က(မူလွန်)ရွှေဆံတော်၌ ပြုလုပ်

တွံတေး သြဂုတ်  ၁၀

ရန်ကုန်တိုင်းဒေသကြီ၊ တွံတေးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာရေးဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသား၊ကျောင်းသူများ ကျောင်းစာအပြင် ပြင်ပဗဟုသုတပြည့်စုံရေး၊ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲကို ယမန်နေ့နေ့လည် ၁နာရီ မိနစ်၃၀က  ရွှေဆံတော်ရပ်ကွက်၊ အခြေခံပညာမူလတန်း(လွန်)ကျောင်း ရွှေဆံတော်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါဟောပြောပွဲတွင် အ.မ.က (မူလွန်) ကျုံးကြီးကျောင်းအုပ် ဆရာကြီးဦးလှဦး က အမှာစကားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ဖြူဖြူဝင်းက စာဖတ်ရှိန်မြှင့်တင်ရေးအတွက် စာဖတ်ခြင်း၏ အကျိုးကျေးဇူးနှင့်လူငယ်များ ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ စိတ္တဗလနှင့် ဘောဂဗလဟူသည့် ဗလငါးတန်နှင့် ပြည့်စုံရန်လိုအပ်ကြောင်း၊ ကျောင်းစာအပြင် ပြင်ပဗဟုသုတစာပေများကို ဖတ်ရှုရန်လိုအပ်ကြောင်း၊ သုတစာပေနှင့် ရသစာပေများကို သိရှိထားရန်လိုအပ်ကြောင်း၊ ကျောင်းသား/ကျောင်းသူများ စာအုပ်၊ စာပေများ ဖတ်ရှုလေ့လာခြင်းအားဖြင့် အသိပညာဗဟုသုတများ ကြွယ်ဝစေပြီး စဉ်းစားတွေးခေါ်မှု အသိဉာဏ်များ ပိုမိုရင့်သန်လာစေရန်၊ စာအုပ်စာပေများကို လက်ဝယ်အရောက် အလွယ်တကူဖတ်ရှု လေ့လာနိုင်စေရန်၊ စာပေကို ပိုမိုမြတ်နိုးတန်ဖိုးထားတတ်စေရန် ရည်ရွယ်၍ ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ကျောင်းသား၊ ကျောင်းသူများအားစာဖတ်ရှိန်မြှင့်တင်ရေးအတွက် စာအုပ်စာစောင်များ ဖတ်ရူလေ့လာခြင်းနှင့်ပြသထားသော ကိုဗစ်-၁၉ရောဂါနှင့် ပတ်သတ်သည့် အသိပညာပေးနံရံကပ်စာစောင်၊ မူးယစ်ဆေးဝါးအန္တရယ် အသိပညာပေး နံရံကပ်စာစောင်၊ လူကုန်ကူးမူဆိုင်ရာ သိကောင်းစရာ နံရံကပ်စာစောင်များပြသထားရာ ဆရာ၊ဆရာမများ၊ ကျောင်းသား၊ကျောင်းသူများမှ   စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုကြကြောင်း သိရသည်။

 

တွံတေးသား