မောင်တောမြို့တွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးနေဦးနှင့် ဌာနဆိုင်ရာတာ၀န်ရှိသူများနှင့်အတူ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဝေသာလီ-ဥဒေါင်းသွားကားလမ်းပိုင်းရှိ ရေထုတ်ပြွန်တံတား ပျက်စီးနေမှုအား လိုက်လံကြည့်ရှုစစ်ဆေး

မောင်တော ဩဂုတ် ၁၀

ရခိုင်ပြည်နယ်၊ မောင်တောမြို့တွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးနေဦးနှင့် ဌာနဆိုင်ရာတာ၀န်ရှိသူများနှင့်အတူ ယနေ့ညနေပိုင်းက မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေများစီးဆင်းကာ ချောင်းရေမြင့်တက်လာမှုကြောင့် ဝေသာလီ-ဥဒေါင်းသွားကားလမ်းပိုင်းရှိ  ရေထုတ်ပြွန်တံတားပျက်စီးနေမှုအား သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြသည်။

မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေများစီးဆင်းကာ ချောင်းရေမြင့်တက်လာမှုကြောင့် ဝေသာလီ-ဥဒေါင်းသွားကားလမ်းပိုင်းရှိ မိုင်တိုင်အမှတ် ၁/၀ နှင့် ၁/၁ မိုင်ကြား (မေယုဂေါက်ကွင်းနှင့် ရွှေရင်အေးကျေးရွာ)ကြားရှိ ရေထုတ်ပြွန်တံတား(Box Culvert) ၁၀ ပေ၊ ၂၄ ပေ ကွန်ကရစ်တံတား ကြမ်းခင်းမှာ ကွဲအက်ခဲ့ပြီး လမ်းအပြင်ဘက်တံတား ဘောင်ကြမ်းခင်း  ၅ ပေခန့် ကျိူးကျပျက်စီးခဲ့သဖြင့်  ယနေ့ညနေပိုင်းက ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးနေဦး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကံထွန်းအောင်၊ သက်ဆိုင်ရာဌာနဆိုင်ရာတာ၀န်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးရာ  တာဝန်ရှိသူများက ပျက်စီးနေမှုအခြေအနေများနှင့်ပတ်သတ်၍ လိုက်လံရှင်းလင်းပြသခဲ့ကြပြီး အဆိုပါတံတားကွဲအက်မှုကြောင့် လူ/ဆိုင်ကယ်များ သွားလာခြင်းပြတ်တောက်မှုမရှိသော်လည်း ကုန်တင်ယာဉ်ကြီးများ ဖြတ်သန်းသွားလာပါက အန္တရာယ်ဖြစ်နိုင်သည့် အခြေအနေများရှိသဖြင့် လမ်းအားယာယီပိတ်ထားဆောင်ရွက်ခဲ့ကြသည်။ အဆိုပါလမ်းတစ်လျှောက်၌ ကုန်တင်ယာဉ်ကြီး အစီး ၃၀ ခန့်မှာ စစ်တွေမြို့မှတစ်ဆင့် အငူမော်-မောင်တောကားလမ်းအတိုင်း မောင်တောမြို့သို့ လာရောက်ရာတွင် လမ်းပျက်စီးမှုများနှင့် စက်ချို့ယွင်းမှုများကြောင့် လမ်းများပိတ်ဆို့လျက်ရှိပြီး  လမ်းပိတ်ဆို့မှု မရှိစေရေးအတွက် ပျက်စီးနေသော ရေထုတ်ပြွန်တံတား(Box Culvert)နှင့် လမ်းပိုင်းအား အမြန်ဆုံးပြုပြင်ဆောင်ရွက်နိုင်ရေး  သက်ဆိုင်ရာတာဝန်ရှိသူများအား လမ်းညွန်မှာကြား ခဲ့ကြောင်းသိရသည်။

သက်လွင်စိုး ၊ အောင်ကျော်စိန် ခရိုင်(ပြန်/ဆက်)