မင်းပြားမြို့နယ်တွင် ဌာဆိုင်ရာများက စစ်ကြောင်းကြီး(၅)ကြောင်းဖြင့် ကျေးရွာများ ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်

မင်းပြား သြဂုတ် ၉

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မင်းပြားမြို့နယ်တွင် ဌာနဆိုင်ရာများပါဝင်သည့် ဒေသဖွံ့ဖြိုးရေးစစ်ကြောင်းကြီး (၅)ကြောင်းပူးပေါင်းအဖွဲ့သည် သြဂုတ် ၈ ရက်နေ့လည်က ဆိုင်ကလုန်းမုန်တိုင်း(မိုခါ) တိုက်ခတ်ပြီးနောက် ပြန်လည်ထူထောင်ရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ငဝေကျေးရွာအုပ်စု၊ ကျားရဲပြင် ကျေးရွာသို့ ကွင်းဆင်းကာ ဒေသခံကျေးရွာသူ၊ ကျေးရွာသားများနှင့် တွေ့ဆုံခဲ့ကြသည်။

အဆိုပါမင်းပြားမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ၊ဒုတိယဦးစီးမှူးဦး ဆောင်သည့် ဒေသဖွံ့ဖြိုးရေးဌာနဆိုင်ရာ စစ်ကြောင်းကြီး(၅)ကြောင်း ပူးပေါင်းအဖွဲ့သည် ကျားရဲပြင်ကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ငဝေကျေးရွာအုပ်စုရှိ အိမ်ရှေ့မင်း၊ ထောင့်ချောင်းကြီး၊ ကျားရဲပြင်စသည့် ကျေးရွာများမှ ကျေးရွာသူ၊ ကျေးရွာသားများနှင့် တွေ့ဆုံပြီးမင်းပြားမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဦးကျော်ဆန်းကမင်းပြားမြို့နယ်အတွင်း ဆိုင်ကလုန်းမုန်တိုင်း(မိုခါ) တိုက်ခတ်မှုဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုများအား ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်နေမှု၊ ကူညီကယ်ဆယ်ရေးပစ္စည်းများ ဖြန့်ဖြူးပေးနေမှုများနှင့် ကျေးရွာများ၏လို အပ်ချက်များအား ဆွေးနွေးကြရန်မှာကြားသည်။ ဆက်လက်ပြီးပူးပေါင်းအဖွဲ့တွင် ပါဝင်သည့် သက်ဆိုင်ရာဌာနများက စိုက်ပျိုးရေး၊ မွေးမြူရေး၊ လမ်းပန်းဆက်သွယ်ရေး၊ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးတို့ကို မိမိတို့ဌာနအလိုက် လုပ်ငန်းဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအမံများကို ရှင်းလင်းဆွေးနွေး ပြောကြားကြရာ ဒေသခံကျေးရွာသူ၊ ကျေးရွာသားများကကျေးရွာ၏ လိုအပ်ချက်များကို ပြန်လည်တင်ပြကြရာ မင်းပြားမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဦးကျော်ဆန်းက ပေါင်းစပ်ညှိနှိုင်း  ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သောင်းရွှေ (ပြန်/ဆက်)