ပြင်ဦးလွင်မြို့နယ်အား ဆေးလိပ်မီးခိုးငွေ့ကင်းစင်သောမြို့တော်ဖြစ်စေရေးအတွက်   လုပ်ငန်းကော်မတီနှင့် ကြီးကြပ်ရေးကော်မတီဝင်များက ကွင်းဆင်းဆောင်ရွက်

ပြင်ဦးလွင် ဩဂုတ် ၁၀

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ်အား Clean City , Green City ဖြစ်စေရေးနှင့် ဆေးလိပ်မီးခိုးငွေ့ကင်းစင်သောမြို့တော်ဖြစ်စေရေးတို့အတွက် ဆေးလိပ်ငွေ့ကင်းစင်ရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာတွင် ဆေးလိပ်မသောက်ရနေရာအဖြစ် သတ်မှတ်ထားသည့်နေရာများ စနစ်တကျရှိစေရေး၊ ဆေးလိပ်ငွေ့ကင်းစင်ရေး အမိန့်ကြော်ငြာများလိုက်နာစေရေးအတွက် ယနေ့မွန်းလွဲ ၁၃ နာရီက လုပ်ငန်းကော်မတီနှင့် ကြီးကြပ်ရေးကော်မတီဝင်များက စာသင်ကျောင်းများနှင့် ဟိုတယ်၊ စားသောက်ဆိုင်များအား လိုက်လံကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်းသိရသည်။

လက်ရှိတွင် ပြင်ဦးလွင်ခရိုင်အတွင်းရှိ အစိုးရဌာနဆိုင်ရာရုံးများ ၊ အားကစားရုံ ၊ အားကစားကွင်းများတွင် ဆေးလိပ်မသောက်ရန် ကန့်သတ်နယ်မြေများအဖြစ်သတ်မှတ်ခဲ့ပြီးဖြစ်သည့်အပြင် ပြည်သူများ လာရောက်လည်ပတ်ရာ အမျိုးသားကန်တော်ကြီးဥယျာဉ်ကိုလည်း ပထမဆုံး ဆေးလိပ်ငွေ့ ကင်းစင်ဥယျာဉ်အဖြစ်သတ်မှတ်ခဲ့ပြီး ဒီဇင်ဘာဥယျာဉ်ကိုလည်း ပြင်ဦးလွင်မြို့၏ ဒုတိယမြောက် ဆေးလိပ်ငွေ့ကင်းစင်ဥယျာဉ်အဖြစ် သတ်မှတ်ထားကြောင်း သိရသည်။

ပြင်ဦးလွင်ခရိုင် ၊ ပြင်ဦးလွင်မြို့နယ်အား ဆေးလိပ်မီးခိုးငွေ့ကင်းစင်သောမြို့တော်ဖြစ်စေရေးအတွက် ယနေ့ကွင်းဆင်းဆောင်ရွက်ရာတွင် ပြင်ဦးလွင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူးကြီးမျိုးထက်ဝင်းဦးဆောင်သော လုပ်ငန်းကော်မတီနှင့် ကြီးကြပ်ရေးကော်မတီဝင်များက ပြင်ဦးလွင်မြို့ အစိုးရစက်မှုလက်မှုသိပ္ပံ(GTI)၊ နည်းပညာတက္ကသိုလ် (ရတနာပုံဆိုက်ဘာစီးတီး)၊ ရွှေနန်းထိုက်ဟိုတယ်နှင့် Feel စားသောက်ဆိုင်တို့တွင် ဆေးလိပ်မသောက်ရန် ကန့်သတ်နယ်မြေများအဖြစ် ဆောင်ရွက်ထားရှိမှုများနှင့် ဟိုတယ်နှင့်စားသောက်ဆိုင်များတွင် Smoking Area များ သီးခြားသတ်မှတ်ပေးထားမှုအပေါ် လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။

ဖြူလူသစ် (ခရိုင် ပြန်/ဆက်)