နေပြည်တော်ကောင်စီဥက္ကဋ္ဌဦးသန်းထွန်းဦး နိုင်ငံ့စီးပွားမြှင့်တင်ရေးတင်ပြချက်နှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြခြင်း အစည်းအဝေးတက်ရောက်

နေပြည်တော် ဩဂုတ် ၁၀

နိုင်ငံ့စီးပွားမြှင့်တင်ရေးတင်ပြချက်နှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြခြင်းအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ နေပြည်တော်အဆင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌဦးသန်းထွန်းဦးက နိုင်ငံ့စီးပွားမြှင့်တင်ရေး စိုက်ဧကတိုးချဲ့ရေး၊ သီးထပ်စိုက်ပျိုးရေး၊ ပန်းတိုင်အထွက်နှုန်းရရှိရေး၊ မွေးမြူရေးလုပ်ငန်းနှင့်ပတ်သက်ပြီး နေပြည်တော်အတွင်း ဖူလုံအောင်စားသုံးနိုင်ရေး နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေအပြင် ကိုယ်ပိုင်ဝင်ငွေဖြင့်မြှင့်တင်နိုင်အောင် ဆောင်ရွက်စေလိုကြောင်း၊ နိုင်ငံတော်ဝန်ကြီးချုပ်၏ နိုင်ငံရဲ့စီးပွားရေးအခြေအနေကောင်းတွေ ဖန်တီးပေးနိုင်မှ နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်မယ်ဆိုတဲ့ မူဝါဒနဲ့အညီ လယ်ယာကဏ္ဍမှာ တောင်သူတွေရဲ့စိုက်ပျိုးထုတ်လုပ်မှု တိုးတက်ပြီးတော့ တစ်ဦးချင်းဝင်ငွေ တိုးတက်ဖို့အတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိကြောင်း၊ ယခုလာမယ့် မိုးစပါးစိုက်ပျိုးရာသီမှာ ယခင်နှစ်စိုက်ပျိုးတဲ့ စိုက်ဧကထက်လျော့မသွားဘဲ လျာထားချက်ပြည့်မီအောင် စိုက်ပျိုးရန်လိုအပ်ကြောင်း၊ စိုက်တဲ့အခါမှာလည်း မိုးစပါးအပြီး ဆီထွက်သီးနှံများဖြစ်တဲ့ မြေပဲ၊ နှမ်း၊ နေကြာစတဲ့သီးနှံများနှင့် ပဲအမျိုးမျိုးကို ဒေသနဲ့ကိုက်ညီပြီး ဖြစ်ထွန်းနိုင်တဲ့အနေအထားပေါ်မူတည်ပြီး စိုက်ပျိုးသွားရန်လိုအပ်ကြောင်း၊ မြေအားလုံးကိုအသုံးချပြီး တစ်နှစ်(၃)သီး မဖြစ်မနေစိုက်ပျိုးရန် နိုင်ငံတော်အကြီးအကဲမှလည်း လမ်းညွှန်ထားတဲ့အတွက် စိုက်ပျိုးရေးကဏ္ဍမှာ တစ်နှစ်(၃)သီး စိုက်ပျိုးနိုင်ရေးအတွက် တောင်သူများနှင့် ပူးပေါင်းဆောင်ရွက်သွားစေလိုကြောင်း၊ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေထူထောင်ပြီး ဆောင်ရွက်နေတာဖြစ်တဲ့အတွက် လာမယ့်မိုးစပါးရာသီတွင် စိုက်ပျိုးစရိတ်အထိုက်အလျောက် အထောက်အကူဖြစ်စေရန်အတွက် သွင်းအားစုများ ပေးအပ်သွားမှာဖြစ်ပါကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ နေပြည်တော်ကောင်စီ အတွင်းရေးမှူး ဦးတင်မောင်ဆွေက ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေး ဆောင်ရွက်ပြီးစီးမှုအခြေအနေများနှင့် ဆောင်ရွက်သွားမည့် အခြေအနေများကို ရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက် အခမ်းအနားသို့တက်ရောက်လာသည့် နေပြည်တော်ကောင်စီအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက မိမိတို့လုပ်ဆောင်နေသည့် လုပ်ငန်းကဏ္ဍများအလိုက် အသီးသီး ရှင်းလင်းတင်ပြခဲ့ကြသည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက ဆွေးနွေးတင်ပြချက်များအပေါ် ပြန်လည်ဖြည့်စွက်ဆွေးနွေးပေးခဲ့ပြီး လိုအပ်သည်များအား လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

မျိုးသီဟ(ပြန်/ဆက်)